နေပြည်တော်တွင် လယ်ဝေးရဲစခန်း လက်ပစ်ဗုံးပြီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

By MPM 14 ဇွန်, 2023 👁

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရဲစခန်းကို ဇွန်လ ၁၂ ရက် ညနေ ၅ နာရီကျော်က ဆိုင်ကယ်ဖြင့် လက်ပစ်ဗုံး လာရောက်ပစ်ခတ်ရာတွင် ရဲတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦ ဒဏ်ရာရရှိကြောင်း သိရသည်။

လယ်ဝေးရဲစခန်း ဗုံးပစ်ခံရမှုတွင် ရဲတပ်သားဒီသုခ သေဆုံးခဲ့ပြီး ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ်ကျော်သူအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှိရသည်။

မေလကုန်ပိုင်းမှစတင်ပြီး ဇွန်လလယ်အထိ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် လုံခြုံရေးစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ပိုပြုလုပ်လာနေကြောင်း စုံစမ်းသိရသည်။

ထိုအပြင် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC – 2) အနီး လုံခြုံရေးဂိတ် ဗုံးပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၂ ရက်တွင်လည်း နေပြည်တော်၊ ပျဉ်းမနား၊ မြွေဟောက်မြှောင် စစ်တပ်စခန်းကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီရက်ပိုင်း လုံခြုံရေးကြပ်တဲ့ကြားက ပိုလုပ်လာတာ တွေ့ရတယ်။ ခင်ဗျားတို့လည်း ကြားမှာပေါ့၊ လယ်ဝေးတို့ ဇဗ္ဗူတို့ဘက်တွေ ဖြုတ်နေတာလေ” ဟု လယ်ဝေးမြို့ဒေသခံတစ်ဦးက ပြောသည်။

လယ်ဝေးရဲစခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်က အတည်ပြုခဲ့ပြီး လာရောက်ပစ်ခတ်သူများကို CCTV မှတ်တမ်းပုံများဖြင့် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ထံက စုံစမ်းသိရှိရသည်။

အမည်မဖော်လိုသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “CCTV မှတ်တမ်းကို စစ်ဆေးပြီး လိုက်ရှာတာပေါ့ဗျာ။ မှတ်တမ်းထဲက လူပုံစံ အသုံးပြုတဲ့ဆိုင်ကယ်တွေ့ရတဲ့ ပျဉ်းမနား ကင်ပွန်းတန်းဈေးနားမှာ ဖမ်းမိတာပေါ့။ လောလောဆယ်တော့ ၃ ဦး မိထားတယ်” ဟု ပြောသည်။

နေပြည်တော်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များနှင့် ရပ်ကွက်များအတွင်း CCTV မှတ်တမ်းစက်များ အပြည့်တပ်ဆင်ထားသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများ ပေါ်ပေါက်လာသည်ဟု ဒေသခံတချို့က ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်