တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကျေးရွာအနီးတွင် တပ်ချိန်းပြီး ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
ဇွန် ၁၃ ရက်က သိန္နောကျေးရွာဘက်မှ တပ်ချိန်းပြန်ပြီးလာသော တပ်အင်အား ၄၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၀၁) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ပြီးနောက် တပ်ပြန်ဆုတ်စဉ် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများကို သယ်ဆောင်ပြီး ညောင်ပင်ကွင်း အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၅၆၁)ထံ ဝင်ရောက်သွားရာ ဇွန် ၁၃ ရက် ညနေ့ပိုင်းအချိန်အထိ ပြန်ထွက်ခြင်း မရှိသေးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေး အင်အားစုများဖြစ်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီ ပကဖ၊ SWDF နှင့် မြိတ်ခရိုင်တပ်ရင်း (၂) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ် ၁၄ ကြိမ် ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
သို့သော် အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ပုံစံ ပြောင်းလဲလာပြီး တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ် စတင်လာကြပြီး စစ်ကောင်စီဘက်က ခံစစ်သို့ ကူးပြောင်းလာကြောင်း ဒေသတွင်း သုတေသနအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။