တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာနှင့် အင်းစောက်ကျေးရွာ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တပ်အင်အား ၂၀ ကျော် ပါသည့် စစ်ကောင်စီတပ်က ဇွန် ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့အဝင် သဗျာကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သဗျာကျေးရွာ စားသောက်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်အတွင်းရှိနေသည့် အမျိုးသား ၄ ဦးနှင့် အမျိူးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၀ ကျော်ကနေ အသက် ၃၀ ဝန်းကျင်ခန့် လူငယ်များဖြစ်ကြသည့် ကိုတေဇာကျော်၊ ကိုအီကြာကွေး၊ ကိုဌေးအောင်၊ ကိုတို၊ မသင်းသင်း၊ မမီးမုံတို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကိုတေဇာကျော်တို့ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးကိုပါ ယူဆောင်သွားပြီး၊ ဖမ်းဆီးသွားသူများကို လောင်းလုံးမြို့မ ရဲစခန်းကို ခေါ်သွားကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါဒေသခံ ၆ ဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်သည် အင်းစောက်ကျေးရွာနေ ဒေသခံ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့အားလုံးကို မည်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရများသည် သာမန်ပြည်သူများဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းတို့အထဲမှ အရပ်သား ၃ ဦးသည် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာပင် သေဆုံးခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်