AA သံသယဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ရသေ့တောင်ဒေသခံတစ်ဦး ချုပ်ရက်စေ့ပြန်လွတ်

By MPM 13 ဇွန်, 2023 👁

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ခမောင်းတုံးကျေးရွာ ဒေသခံတစ်ဦးသည် ချုပ်ရက်စေ့၍ ဇွန်လ ၁၃ ရက်က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။

“ဒီနေ့ မနက်က ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ အဖမ်းခံရတာ သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ၁၆ ရက်ပဲ လိုတော့တယ်။ အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံလိုက်ရတဲ့အတွက် ကျနော့်အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်” ဟု ပြန်လွတ်မြောက်လာသူ အသက် ၃၉ အရွယ် ဦးမောင်ဘုက ပြောသည်။

ပြန်လွတ်မြောက်လာသူမှာ ဦးမောင်ဘုကို AA နှင့် ဆက်စပ်သည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက် တွင် စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးမောင်ဘုသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က စစ်တွေမြို့မှ မိမိကျေးရွာသို့ အိန္ဒိယသုံးဘီး (တုတ်တုတ်) ဖြင့် အပြန်တွင် ၎င်းနှင့်အတူပါလာသည့် ခရီးသည် ဦးဦးသာဇံဆိုသူနှင့်အတူ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေများဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးမောင်ဘုမှာ ချုပ်ရက်စေ့ ပြန်လွတ်လာသော်လည်း ဦးဦးသာဇံဆိုသူမှာ အကြမ်းဖက်မှု ဥပဒေပုဒ်မအပြင် မူးယစ်ဆေးဝါး အမှုတချို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်ခံထားရသဖြင့် လွတ်မြောက်လာခြင်း မရှိသေးပေ။

ယခုနှစ် မေလ ၅ ရက်နေ့ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ကိုဝေယံစိုး (၂၅ နှစ်) နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၆ နှစ်) တို့မှာ ချုပ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်အတွင်း တကျော့ပြန် တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က အရပ်သား ၃၂၄ ဦး ကို ဖမ်းဆီးခဲ့ပြီး ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် နိုဝင်ဘာလက ပြောဆိုခဲ့သည်။

စစ်ကောင်စီအနေဖြင့် သက်သေခိုင်လုံမှု မရှိဘဲ ဖမ်းဆီးထားသည့် အရပ်သား ပြည်သူများကို ပြန်လွှတ် ပေးသင့်ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက အခုလို ပြောသည်။

“အကြမ်းဖက်မှုနဲ့ပဲ ဖြစ်ဖြစ် မတရားအသင်း ဆက်သွယ်မှုနဲ့ပဲ ဖြစ်ဖြစ် သက်သေခိုင်လုံမှု မရှိရင် ဖမ်းဆီးထားတဲ့ သူကို ပြန်လွတ်ပေးရမှာ ဖြစ်ပါတယ်။ သက်သေခိုင်လုံမှု မရှိဘဲ ဖမ်းဆီးမှုက အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာစာတန်း အပိုဒ်(၉) အရ ဥပဒေအရ မဟုတ်တဲ့ ဖမ်းဆီးခြင်း မြောက်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့တို့၏ စစ်ရေးကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော် ရှိခဲ့သည်။

ယင်းအထဲတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ လွတ်မြောက်လာသူများ ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။