NUG အောက် ဖွင့်လှစ်ထားသည့် မြစ်ကြီးနား ဖက်ဒရယ်ကျောင်းတွင် ၂၀၂၃–၂၀၂၄ ပညာနှစ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၀၀ ခန့် ဖြင့် စတင် ကျောင်း ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ကြီးနားဖက်ဒရယ်စကူးလ်ကျောင်းသည် ကိုဗစ်–၁၉ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် အတန်းပညာ ပြတ်လပ်ခဲ့ရသည့် ကျောင်သားများအတွက် အတန်းတစ်ခုချင်းစီကို ၆ လ တဖြတ်နည်းဖြင့် စဉ်ဆက်မပြတ် သင်ကြားပေးနေကြောင်း မြစ်ကြီးနားအခြေခံပညာရေးဘုတ်အဖွဲ့ဝင် ဆရာတစ်ဦးက အခုလို ပြောသည်။
“လုံခြုံရေးကြောင့်၊ အပြင်မှာ ကျောင်းကောင်းကောင်း မတက်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေ မည်သူမဆို ဒီကျောင်းမှာ ကျောင်းတက်နိုင်အောင် ကြိုးပမ်းနေတယ်။ ကျွန်တော်တို့တော့ မြစ်ကြီးနား ဘုတ်အဖွဲ့ဝင်တွေပေါ့။ အခုချိန် မြစ်ကြီးနား ဖယ်ဒရယ်စကူးလ်ဆိုပြီး ကျောင်းဖွင့်လှစ်နေတယ်။ NUG လက်အောက် MOE ကနေ စာမေးပွဲမေးခွန်းတွေကို ကောင်းကောင်းစီစဉ်ပေးပြီး လုပ်နေတယ်။ စာမေးပွဲတော့ Google form ကနေ ဖြေရတာ ဖြစ်တယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားပြီး သူတွေလည်း ရှိပြီ ။ ကျနော်တို့ အနေနဲ့တော့ ပညာ သင်ကြားပေးနိုင်အောင်၊ ကျောင်းဖြစ်မြောက်အောင် ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။
မူလတန်းနှင့် အလယ်တန်း အဆင့်ထိကို ဇန်နဝါရီ မှ ဇွန်လ အထိ တဖြတ်၊ ဇူလိုင် မှ ဒီဇင်ဘာလ အထိ တဖြတ် စသဖြင့် ၆လ တဖြတ် သင်ကြားပေးနေပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသားများအတွက် သင်ကြားကာလ ၁၀ လ သတ်မှတ်ဖွင့်လှစ် သင်ကြားပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကိုဗစ်ရောဂါကြောင့် တစ်နှစ်၊ နိုင်ငံရေးကြောင့် တစ်နှစ်၊ အဲဒါတွေကို အစားပြန်ရနိုင်ဖို့ ကလေးတွေ အသက်နဲ့ အတန်းနဲ့ ညီမျှအောင် ကျွန်တော်တို့ ပြုလုပ်နေတယ်။ အခုလည်း ဒီဇွန်လမှာ အတန်း တစ်တန်းပြီးမယ်။ ဇူလိုင်လက စပြီး နောက်ထပ်တဖြတ် ပြန်စတော့မယ်” ဟု အဆိုပါ ပညာရေးဘုတ်အဖွဲ့ဝင် ဆရာက ပြောသည်။
အွန်လိုင်း အခက်အခဲနှင့် အခြားစိန်ခေါ်မှုများကြောင့် ကျောင်းသားကျောင်းသူများက နီးစပ်လွယ်ကူရာ စစ်ကောင်စီ ဖွင့်လှစ်သည့် ကျောင်းများတွင် တက်ရောက်ကြသူ ယခင်နှစ်ထက် တိုးမြှင့်သွားကြောင်းလည်း ၎င်းက ဆိုသည်။
မြစ်ကြီးနား ဖက်ဒရယ်စကူးလ်ကျောင်းတွင် စစ်ကိုင်းတိုင်းဘက်မှ ကျောင်းသားကျောင်းသူ အများအပြား တက်ရောက် သင်ယူနေကြောင်း ၎င်းက ပြောသည်။
အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြု လက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ဘုတ်အဖွဲ့နှင့် ကျောင်းပေါင်း ၁၀ ကျောင်း ခန့် ဖွင့်လှစ်သင်ကြားပေးနေရာမှ မြစ်ကြီးနား အခြေခံ ပညာရေးဘုတ်အဖွဲ့တွင် လက်ရှိ CDM ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ခန့်ဖြင့် လည်ပတ်နေပြီး အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအောက် မြစ်ကြီးနားပညာရေးဘုတ်အဖွဲ့၏ မြစ်ကြီးနား ဖက်ဒရယ်စကူးလ် အွန်လိုင်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
KNG ပေးပို့သည်