ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေတွင် စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က နှစ်ပတ်အတွင်း KIA တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“မေလ ပထမ အပတ်နဲ့ ဒုတိယအပတ်မှာပဲ ၆ ယောယ် ဖမ်းဆီးခဲ့တယ်။ အဲ့ ၆ ယောက်ထဲမှာ တစ်ချို့ကိုတော့ ပြန်လွတ် ပေးပြီးတော့ တစ်ချို့ကိုတော့ ဖမ်းထားဆဲ ဖြစ်တယ်လို့ ကြားတယ်။ ပြန်လွတ်လာကြတဲ့သူတွေလည်း ဘယ်လိုပုံစံပြောပြီး ပြန်လွတ်လာမှန်း မသိဘူး” ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် ၂ ဦး၊ မေလ ၁၀ ရက် ဝန်းကျင်တွင် ၆ ဦး တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် မေလအတွင်း ဖမ်းဆီးခံရသည့် KIA တပ်သား ၆ ဦး သည် ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာများတွင် သွားလာလှုပ်ရှား နေရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၁၄၊ တပ်ရင်း ၄၃၊ တပ်ရင်း ၄၅ တို့မှ ဖြစ်ကြောင်း ရှဒူးဇွပ်ဒေသခံများထံမှ သိရသည်။
ထို ၆ ဦးထဲမှ တချို့ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း တချို့ကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။
ဇွန်လ ၉ ရက်တွင် ရှဒူးဇွပ်ကျေးရွာ အခြေစိုက်ထားသည့် ခလရ ၂၉၇ တပ်ရင်းနှင့် ခေါင်းလှော်ချောင်း (ဒေသအခေါ်) ကြား ရှိသည့် ကားလမ်းမအနီးတွင် လက်နက်အပြည့်အစုံဖြင့် KIA တပ်သား ၂ ဦး ဖမ်းဆီး ခံရသည်ဟု ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။
“ဖမ်းဆီးခံရတဲ့ အဲ့ ၂ ယောက်ကို တချို့က အလင်းဝင်သွားတယ်လို့လည်း ပြောသလို ပြန်စုံစမ်းကြည့် သလောက်က ဖမ်းဆီးခံရတာလို့လည်း ပြောတယ်။ အဲ့ ၂ ယောက်က ဝါရာဇွပ်ရွာက တစ်ယောက် ဟုတ်တယ်။ နောက်တစ်ယောက်ကတော့ ရှဒူးဇွပ်ကျေးရွာက ဟုတ်တယ်။ အခုက သူတို့လက်ထဲမှာ ရှိနေတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် KIA တပ်ဖွဲ့ဝင် ၂ ဦးသည် ဖမ်းဆီးခံရသည့်နောက် ပြည်သူ့စစ်တပ်ဖွဲ့ထံသို့ အလင်းဝင် သွားသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသော်လည်း အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပါ။
သို့သော် “ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့” ၏ Telegrm Channel တွင် သေနတ် ၂ လက်၊ စစ်ယူနီဖောင်း ၂ စုံနှင့် ကျည်တောင့် ၅၀ အပါဝင် KIA တပ်သား ၂ ဦးသည် အညံ့ခံပြီး ဝင်ရောက်လာကြောင်းနှင့် “ရန်သူကအညံ့ခံလျှင် မိမိက ခွင့်လွတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ မိမိတို့တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ရန်သူ့သုံ့ပန်း တစ်ချို့အား ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါသည်” ဟု ရေးသားဖော်ပြထားသည်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ သည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ စံပြ ကျေးရွာများရှိ ဒေသခံများကို KIA နှင့် ဆက်နွယ်မှု ရှိသည်ဟုဆိုပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၂၀ မှ ၅၀ ကြားအထိ ရယူပြီးမှ ပြန်လွတ်ပေးလျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သော ဧပြီလအတွင်း KIA နှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟု ဆိုပြီး ဒေသခံ ၁၀ ဦး ထက် မနည်းကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီး ပြန်လည်လွှတ်ပေးခဲ့သလို တချို့ကို ငွေကြေးပေးဆောင်ပြီး ပြန်လွတ်မြောက်လာကြောင်း သိရသည်။
တနိုင်း-လီဒို လမ်းမပေါ်တွင် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ အခြေစိုက်ထားသည့် စံပြကျေးရွာနှင့် ဝါရာဇွပ်၊ ရှဒူးဇွပ် စသည့် ဒေသများတွင် KIA တပ်ဖွဲ့ဝင် ဖမ်းဆီးခံရမှု မကြာခဏ ရှိနေပြီး နောက်ပိုင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားရန် ပိုမိုခက်ခဲသည့် အခြေအနေရှိသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။
KNG ပေးပို့သည်