မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ရပ်ဆိုင်းခံထားရသည့်နှင့်ပတ်သက်၍ ကုလသမဂ္ဂက ဇွန်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။
“ဒီဆုံးဖြတ်ချက်ကြောင့် လာမယ့်လအတွင်း အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ လူပေါင်း တစ်သန်းကျော်အတွက် အရေးပေါ်ရိက္ခာ၊ သောက်သုံးရေနဲ့ နေစရာ ဖြန့်ဖြူးပေးဖို့ အစီစဉ်အားလုံး နောက်ဆုတ် ရပ်တန့်သွားရတယ်” ဟု ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း အကူအညီပေးရေး ညှိနှိုင်းရေးမှူး ဘာလခရစ်ရှနန်က ပြောဆိုထားသည်။
မိုခါမုန်တိုင်း တိုက်ခတ်ပြီးချိန်မှ စ၍ ရခိုင်ပြည်နယ်တွင် ကာလရှည် အခြေစိုက်နေထိုင်သည့် အဖွဲ့အစည်းများကို ပြည်နယ်အာဏာပိုင်များ၏ တစ်စိတ်တစ်ပိုင်း ခွင့်ပြုချက်ဖြင့် မုန်တိုင်းသင့်ဒေသခံများစွာကို ထောက်ပံ့ကူညီ ပေးနိုင်ခဲ့သည်။
လူပေါင်း ၃၀၀,၀၀၀ အတွက် စားနပ်ရိက္ခာ ဖြန့်ဝေနိုင်ခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ အတွက် နေထိုင်ရန် အမိုးအကာ ရရှိအောင် ဆောင်ရွက်ပေးခဲ့သော်လည်း အကူအညီပေးရေး လုပ်ငန်းများ ရပ်တန့်ထားရန် ပြည်နယ်အစိုးရ၏ တားမြစ်မှုကြောင့် ကယ်ဆယ်ရေးအစီအစဉ်များ ကမောက်ကမ ဖြစ်ခဲ့ရသည်။
မိုခါ ဆိုက်ကလုန်းမုန်တိုင်း ကျရောက်ချိန်မှစ၍ အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လအတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရန် ခွင့်ပြုချက် ရရှိခဲ့သည်။
ထိုခွင့်ပြုချက်များ ယခုအခါ ရပ်ဆိုင်းခံလိုက်ရသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်သည့်အတွက် မုန်တိုင်းသင့် ပြည်သူများအတွက် မရှိမဖြစ် ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
“အခုလို ရပ်ဆိုင်းခံရတာဟာ စားစရာရိက္ခာ၊ နေစရာ အမိုးအကာမရှိလို့ ဒုက္ခခံစားနေရသူတွေအတွက် ပိုမိုဆိုးရွားစေတဲ့ ဆုံးဖြတ်ချက်ပါ” “လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များ ကိုယ်စား ပြည်နယ်အုပ်ချုပ်ရေး ကောင်စီကို တောင်းဆိုချင်တာက မူလ ဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ခွင့်ပြုပေးဖို့ပါ” ဟု ဘာလက်လရစ်ရှနန်က ပြောသည်။
မေလ ၂၃ ရက်က ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့သည် မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကချင်ပြည်နယ်များမှ ပြည်သူ ၁.၆ သန်း အတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီ ဒေါ်လာ ၃၃၃ သန်းကို တောင်းခံခဲ့သည်။
ယနေ့အထိ အကူအညီ ဒေါ်လာ ၁၀.၃ သန်းသာ ရရှိသေးသည်ဟု ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိရဉ္စရာ ပေးပို့သည်။