စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် သံတောင်မြို့ခံလူငယ် ၂ ဦး ပြန်မလွတ်လာသေး

0
288
Photo: CJ

ကေအဲန်ယူ တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် ၁၃ မိုင်၊ စိုက်ပျိုးရေး တံတားတွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် အမျိုးသားလူငယ် ၂ ဦး တစ်ပတ်ကြာပြီးသည့် အထိ ပြန်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သံတောင်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်များသည် သံတောင်မြို့သစ် ၁၃ မိုင် စိုက်ပျိုးရေး တံတားမှ ဖြတ်သန်းသွားလာသော ကျွဲဖြူတောင်ကျေးရွာ ဒေသခံ ၇ ယောက်၏ ဖုန်းများကို စစ်ဆေးပြီးနောက် ၅ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း အသက် ၂၀ နှစ်နှင့် ၂၂ နှစ်အရွယ် လူငယ်အမျိုးသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဘယ်ကိုဖမ်းခေါ်သွားတာလဲတော့ မသိဘူး။ ရွာသားတွေက တောင်ပေါ်ကနေ ဆင်းလာကြတာ ဖုန်းစစ်တော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လူမှုကွန်ရက်ပေါ်မှာ ရှယ်လို့ဆိုပြီး ဖမ်းသွားတယ်။ ကြိုးတွေနဲ့ တုပ်ပြီး ရိုက်တယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတချို့ရဲ့ မျက်နှာတွေဆိုလည်း ခြေထောက်နဲ့အကန်ခံထားရလို့ ညိုမဲစွဲကုန်တယ်” ဟု ၎င်းက ပြောသည်။

ယခင်က သံတောင်မြို့ ၁၃ မိုင်တွင် ဒေသခံများ ယခုလို ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့်အခါ နယ်မြေခံ ဘာသာရေး ဆရာတော်များနှင့် ရပ်မိရပ်ဖများက စစ်ကောင်စီနှင့် လိုက်လံညှိနှိုင်း၍ ရသော်လည်း ပြီးခဲ့သည့် မေလအတွင်းမှစ၍ ပစ်ခတ်မှုများ ပြန်လည်ပြင်းထန်လာပြီးနောက်ပိုင်း ညှိနှိုင်းမှု လုပ်ဆောင်ရာတွင် အဆင်မပြေတော့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကလည်း ယခုလို ပြောသည်။

“အခုနောက်ပိုင်းက ဖုန်းစစ်ပြီးတော့ သံသဃဖြစ်စရာတွေ့ရင် စစ်တပ်က ဖမ်းခေါ်သွားကြတာ အဖြစ်များ နေတယ်။ ဖမ်းခံရတဲ့လူငယ်နှစ်ယောက်မှာ တစ်ယောက်က မိပြီးမှထွက်ပြေးလို့ ပြန်အဖမ်းခံရတာ၊ သံတောင်ကြီးဘက်က လိုက်ညှိပေးတဲ့တစ်ယောက်လည်း စစ်တပ်နဲ့တတ်နိုင်သလောက် သွားညှိနှိုင်းတယ်။ ဒါပေမယ့် ဘယ်လိုပြောပြော အဲ့လူငယ်နှစ်ယောက်ကို ပြန်မလွှတ်ပေးလာဘူး” ဟု ၎င်းက ရှင်းပြသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း သံတောင်မြို့ရပ်ကွက် ၁ တွင်နေထိုင်သော အသက် ၂၀ နှစ် မှ ၄၀ နှစ် အရွယ်ကြားရှိ ဒေသခံအမျိုးသား ၇ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF ဟု စွပ်စွဲပြီး အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားရာတွင် ဘာသာရေးဆရာတော်များ၏ ညှိနှိုင်းပေးမှုကြောင့် ယင်းနေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့သည်။

ယင်းအပြင် တောင်ငူ-သံတောင်လမ်း၊ လိပ်သိုလမ်းတစ်လျှောက်ရှိ စစ်ကောင်စီဂိတ်စခန်းတွင် ဧပြီလ နောက်ဆုံးအပတ်မှစ၍ ဖြတ်သန်းသွားလာသည့် ဒေသခံများကို စစ်ဆေးပိုမိုတင်းကြပ် လုပ်ဆောင်နေသလို နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များ ရိက္ခာမရရှိစေရန် မတ်လမှ စတင်၍ ဆန်နှင့်ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ် စစ်ဆေးနေသောကြောင့် မြို့နယ်အတွင်းရှိ စစ်ရှောင်လူထုများနှင့် ဒေသခံများ စားနပ်ရိက္ခာ ဝယ်ယူရရှိမှု အခက်အခဲတွေ့လာရကြောင်း သိရသည်။

ကေအိုင်စီ-ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here