သထုံ စစ်ကောင်စီတပ်ရင်းနှစ်ခု တိုက်ခိုက်ခံရ ၅ ဦးသေဆုံး၊ တပ်ရင်းမှူးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
339
Photo - KNU & အမှတ်(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု

ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း အမတ (၄၀၂) နှင့် ခမရ(၁) တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၍ တပ်ရင်းမှူးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက် မနက် ၆ နာရီခန့်က KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သည့် သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် ဒရုန်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်း အမတ (၄၀၂) မှ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး၊ တပ်ရင်း ခမရ (၁)မှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အသစ်ပြောင်းရွှေ့လာသည့် တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်မိတ်ဖက်‌ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

“အဲဒီတပ်ရင်းမှူး ပြောင်းလာပြီးကတည်းက အနီးအနားကရွာတွေကို နေ့တိုင်းလက်နက်ကြီးနဲ့ပစ်လို့ ရွာသားတချို့ ထိခိုက်မှုရှိတာကြောင့် တော်လှန်ရေးအင်အားစုက တုံ့ပြန်ပစ်ခတ်တာပါ။ လက်ရှိ သူ့ဒဏ်ရာ ပြင်းထန်လို့ နေပြည်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပစ်ခတ်မှုအတွင်း ပူးပေါင်းတပ်များဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

ယင်းနေ့ မနက်ဆယ်နာရီဝန်းကျင်တွင် ခမရ (၁) မှ လက်နက်ကြီး ကိုးလုံးဖြင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ညာထားဝယ်၊ ဓါးရိုးနှင့် ကျုံမိန်ရွာများသို့ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ နေအိမ် ထိခိုက်ပျက်ဆီးခြင်းများ ရှိခဲ့ကြောင်း နယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ညားထားဝယ်ရွာမှာ လက်နက်ကြီး ၄ လုံး၊ ဓါးရိုးရွာမှာက ၃ လုံး၊ ကျုံမိန်မှာ ၂ လုံး ပေါက်ကွဲတယ်။ ဓါးရိုးရွာက ဦးတင်အေးအိမ် ကျည်စထိတယ်။ နေအိမ်တချို့နဲ့ စိုက်ပျိုးသီးနှံတွေ ထိခိုက်ပျက်ဆီးတာလည်း ရှိတယ်” ဟု အဆိုပါနယ်မြေတာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် ဇွန်လ ၉ ရက် ညပိုင်းက အင်အားအများအပြားနှင့် စစ်ကောင်စီတပ်များသည် ကျိုက်ကော်၊ ထုံးဖိုကြီး၊ ထုံးဖိုလေး၊ ဝင်းတာပန်နှင့် လေးကေ အစရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ ကုန်ကူးသန်းရောင်းဝယ်ရေး အတွက် အသုံးများသည့် ဝီယော်စခန်းအနီးရှိ သိမ်ဆိပ်-လေးကေ လမ်းပိုင်းအား ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ သွားလာရေး အခက်ကြုံနေရကြောင်း သထုံမြို့ခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ဖားအံနှင့်သထုံမြို့နယ်အစပ် ဒူးရင်းဆိပ်ရွာရှိ ဒုံသမိချောင်းတံတားရှိ စစ်‌ကောင်စီ၏ စစ်ဆေးရေးဂိတ်နှစ်ခုအား KNLA ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီလက်အောက်ခံတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၄၅ ဦး သေဆုံး၍ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင် အမှတ်-၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဇွန်လ ၃ ရက်က သတင်းထုတ်ပြန်ထားသည်။

ကေအိုင်စီ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here