မင်းတပ် – မတူပီလမ်း အသုံးမပြုရန် CDF-Matupi ထုတ်ပြန်

0
307
Photo - KMG

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းက မင်းတပ်မြို့ဘက်သို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDF-Matupi တို့ ဇွန်လ ၆ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီးနောက် ပြည်သူများအနေဖြင့် မင်းတပ်-မတူပီလမ်းအား အသုံးမပြုကြရန် CDF-Matupi က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၆ ရက် မနက်ပိုင်းတွင် မင်းတပ် – မတူပီလမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး ရွာအတွင်း ဝင်ရောက်စီးနင်း ခဲ့တာကြောင့် CDF-Matupi တပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့များ ရမ်တိန်းကျေးရွာ အထက် ၂ မိုင်အကွာသို့ စစ်ကြောင်းဆုတ်ခွာ စခန်းချခဲ့သည်ဟု CDF-Matupi က ဆိုသည်။

CDF-Matupi ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်က “သူတို့က လမ်းမကြီးအတိုင်း မဟုတ်ဘဲနဲ့ တောဖက်ကနေလာတော့ ကျွန်တော်တို့က နည်းလမ်းပေါင်းစုံသုံးပြီး သူတို့လာနိုင်တဲ့နေရာတွေ၊ သူတို့ရှိမယ့် နေရာတွေကို လှမ်းပစ်တာ၊ လက်ဦးတာက ကျွန်တောတို့၊ ထိတွေ့တယ်ဆိုတာက အနီးကပ် ထိတွေ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီဘက်ရှိပါတယ်ဆိုတဲ့ဟာမျိုးကို လုပ်ထားတယ်။ ကျွန်တော်တို့ ကောင်းကောင်း ပြန်ဆုတ်နိုင်ခဲ့တယ်။ သူတို့ဘက်က အထိအခိုက် ရှိတယ်လားဆိုတာ အခုချိန်ထိ အတည်ပြုလို့ မရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသောကြောင့် မတူပီမြို့နယ်ထဲက ခြန်ပြန်၊ ရမ်တိန်း၊ မွှန်တုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၆၀ ကျော်သည် ကျေးရွာတွင် မနေရဲကြသောကြောင့် ချင်းလူမှု စောင့်ရှောက်ရေးအသင်း (CCA) နှင့် ကျေးရွာ IDP ကော်မတီအဖွဲ့တို့က လုံခြုံသည့်နေရာများတွင် ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် မတူပီ-မင်းတပ်လမ်း ခရီးထွက်ခြင်းများ မပြုလုပ်ကြရန်လည်း CDF-Matupi က အသိပေး ထုတ်ပြန်ခဲ့သည်။

KMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here