ချင်းပြည်နယ်သို့ ပြင်ပမှခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်

0
278
Photo - KMG

ချင်းပြည်နယ် (ချင်းလဲန်) သို့ ဒေသခံ ချင်းပြည်သူများမှ အပ ပြင်ပခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ဇွန်လ ၈ ရက်က ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်က အများပြည်သူ ခရီးသည်ယာဉ်များကို အသုံးပြုပြီး အရပ်ဝတ်ဖြင့် ဝင်ရောက်လာပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်းလျက် ရှိသည်ဟု CNF က ဆိုသည်။

ထို့အခြေအနေများကြောင့် ချင်းလဲန်အတွင်းသို့ ဒေသခံ ချင်းပြည်သူများမှ အပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု ဇွန်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော CNF ၏ စစ်ရေးဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့် ဝင်ခွင့်ပြုမည်ဟု CNF က ပြောဆိုသည်။

ထို့အပြင် အများပြည်သူ ခရီးသွားယာဉ်များ အနေဖြင့်လည်း စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်သည်ဟု CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ အသိပေးချက်များအား ချိူးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်သည်ဟု CNF က ဆိုသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကစ၍ ချင်းပြည်နယ် ဟားခါး – ထန်တလန်ကြား သီမြစ်လွင်ပြင်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် – မတူပီမြို့နယ်ဘက်တွင်လည်း စစ်ရေး အခြေအနေ တင်းမာလျက်ရှိသည်။

KMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here