စစ်ကောင်စီက မကွေးတိုင်း ထီးလင်းမြို့နယ် ဆွဲလွဲရွာကို လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်လာကြဲ

By MPM 7 ဇွန်, 2023 👁

စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆွဲလွဲရွာအနီးကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

ဇွန်လ ၇ ရက်နေ့တွင် ဆွဲလွဲရွာအနီးကို စစ်ကောင်စီက PDF များ ရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဉီးက “ အဲဒီဘက်မှာ PDF တပ်ရင်းတွေ ရှိတယ်။ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်။ တိတိကျကျ မသိရသေးဘူး။ ဆက်သွယ်လို့မရ ဖြစ်နေတယ်။ လေကြောင်းနဲ့တိုက်ခိုက်ပြီး ကင်းထောက်လေယာဉ်လည်း ပျံသန်းနေတယ်” လို့ ပြောသည်။

ဆွဲလွဲရွာကို လာရောက်ပစ်ခတ်တိုက်ခဲ့သည် ဂျက်ဖိုက်လေယာဉ်သည် မုံရွာအခြေစိုက် တံတားဦး လေဆိပ်က ပျံသန်းလာတာဖြစ်ပြီး ညနေ ၃ နာရီဝန်းကျင်မှာ ဗုံးလေးလုံးကြဲချကာ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပြီး ဇွန်လ ၆ ရက်နှင့် ၇ ရက် နှစ်ရက်ဆက်တိုက် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ကလည်း လောင်းဗိုလ်လေးကျေးရွာ ပ.အ.ဖ ရုံးကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ရုံးဝန်ထမ်း ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာခဲ့ရာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တနိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် ပြုလုပ်ထားပြီး အရပ်သား ၆၃၄ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် – ပေးပို့သည်