သရက်ချောင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးရ

By MPM 7 ဇွန်, 2023 👁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် ကျောက်လှေကား ကျေးရွာများကို စစ်ကောင် စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

တပ်အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် ဇွန် ၆ ရက် မနက်ပိုင်းက ဥတ္တူရွာနှင့် ကျောက်လှေကားကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဥတ္တူရွာနှင့် ကျောက်လှေကားကျေးရွာ ဒေသခံ ၁၀၀၀ ကျော်က ဘေးလွတ်ရာ နေရာများနှင့် နီးစပ်ရာ ဥယျာဉ်ခြံများထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်နက်ကြီး ပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ဥတ္တူကျေးရွာကို မီးရှို့လို့ ကနဦး မှာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကျောက်လှေကားကျေးရွာတွင် လက်နက်ကြီးကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

လက်ရှိချိန်အထိ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်း ဆက်လက်တပ်စွဲထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးထားလာသည့် လက်ရှိအချိန်အထိ ဒေသခံကာကွယ်ရေးတပ်များနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ရေးအခြေအနေ တင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာခြင်းကြောင့် ကျေးရွာ ၇ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုသည် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် – ပေးပို့သည်