မိုးဗြဲမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

By MPM 6 ဇွန်, 2023 👁

မိုးဗြဲမြို့တွင် ဇွန်လ ၆ ရက်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ နှစ် အရွယ် ကလေးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ ၃ ဦး ကိုလည်း စစ်ကောင်စီက လက်နက်ငယ်ဖြင့် ပစ်သတ် ခဲ့ကြောင်း မိုးဗြဲမြို့ရှိ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူများက ပြောသည်။

“မနေ့က လက်နက်ကြီးထိတာက နှစ်ဦးပေါ့နော။ ကလေးငယ်တစ်ဦးဆုံးတယ်။ နောက်လူကြီးတစ်ဦးပေါ့နော။ နောက် အခု မကောက်နိုင်သေးတဲ့ ပြည်သူအလောင်း နှစ်လောင်းသုံးလောင်း အတည်ပြုလို့ ရတယ်ပေါ့နော။ အဲ့ဒါ လောလောဆယ် လက်နက်ကြီးနဲ့ လက်နက်ငယ် ထိခိုက်မိတဲ့ ပြည်သူတွေပေါ့။ မနေ့က တစ်ရက်တည်း ဖြစ်တဲ့ဟာပေါ့နော။ လူကြီးကထိတာ ညနေပိုင်း ဆေးကုဖို့လုပ်ပေမယ့် မကုနိုင်တော့ဘူး ဆုံးတယ်။ မနက်ပိုင်းက ကလေးငယ်တစ်ဦး ဆုံးတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သည့် ကလေးငယ်သည် အသက် ၁၂ အရွယ် ရှိပြီး ယမန်နေ့ မနက်ပိုင်းက ဖခင်ဖြစ်သူဖြင့် နေအိမ်ကို ဆန်ပြန်ယူချိန်တွင် လက်နက်ကြီးစ ထိမှန်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့အတွက် အချိန်မီ ဆေးမကုသနိုင်ဘဲ သေဆုံးသွားရကြောင်း ကူညီပေးသူများက ပြောသည်။

အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် မိုးဗြဲမြို့ ကွက်သစ်ရပ်ကွက်က ဖြစ်ပြီး နေအိမ်မှာ ခြံရှင်းနေစဉ် လက်နက်ကြီး ကျရောက်မှုကြောင့် ထိမှန်အသက်သေဆုံးသွားခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ညနေပိုင်းတွင် လက်နက်ကြီး ပစ်ခတ်သံကြောင့် သက်ကြီးပိုင်း အဖွားတစ်ဦး လန့်ဖြန့်သေဆုံးခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံက သိရသည်။

အလားတူ အမျိုးသားသုံးဦးသည်လည်း တောင်ယာဘက်သွားသည့်လမ်းတွင် စစ်ကောင်စီက မြင်ပြီး ပစ်သတ်ခဲ့ကြောင်းနှင့် တိုက်ပွဲဖြစ်နေသေးသည့်အတွက် ရုပ်အလောင်းသွားသယ်ယူရန် အဆင်မပြေသေးတာကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ဇွန်လ အစောပိုင်းကတည်းက မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက် တပ်ရင်းများကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှု ရှိခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

“လက်နက်ကြီးထုတာပေါ့နော တိုက်ပွဲမရောက်ခင်ကတည်းက မြို့ထဲကို လက်နက်ကြီး ရမ်းသမ်းထုတယ်။ နေ့တိုင်းပေါ့ ပြည်သူရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ထုတယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေက မြို့ထဲကိုပေါ့နော စစ်ကောင်စီဖက်က စစ်ကြောင်းထိုးလာလို့ တပ်စခန်းချတာတို့ ဒီလိုအခြေအနေရှိတော့ ကျနော်တို့ကနေပြီး တိုက်ခိုက်ခဲ့တာပေါ့။ စည်ကား ၂ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တော့ သူတို့က အထိနာတယ်လို့ ပြောတယ်။ အကျအဆုံးများလို့ပဲ အငြိုးနဲ့ ပြည်သူကို လုပ်နေတဲ့သဘောမျိုး ရှိတယ်။ ပြီးတော့ လမ်းသွားလမ်းလာပြည်သူကိုလည်း မတော်သလို ပစ်သတ်တဲ့ အခြေအနေမျိုးလည်း ရှိတယ်” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ပြောသည်။

ဇွန်လ ၅ ရက်တွင်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀နှစ် အောက် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ လက်ရှိတွင် မိုးဗြဲမြို့အတွင်း စစ်ရေးတင်းမာနေမှ့ကြောင့် ဒေသခံလူထုအနေနဲ့ လုံခြုံဘေးကင်းသည့် နေရာမှာ နေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းအသိပေးထားကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။