ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့ကျေးရွာ အတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုန်းမြို့ခံများက ပြောသည်။
မုန်းမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာတွင်းသို့ ဇွန်လ မနက် ၅ နာရီဝန်းကျင်က အင်အား ၅၀ ကျော် ၆၀ နီးပါးရှိသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ထိုကျေးရွာမှတဆင့် နတ်သံကွင်းမြို့ တောင်ဘက်ပိုင်းသို့ စစ်ကြောင်းဆက်လက် ချီတက်မည်ဆိုပါက နယ်မြေခံကာကွယ်ရေးတပ်များနှင့် စစ်ပွဲ ဖြစ်ပွားနိုင်မည့် အခြေအနေများကြောင့် အဆိုပါရွာခံများအပြင် ဥသျှစ်ကုန်း၊ သပြေကုန်းနှင့် အုန်းပင်စု ကျေးရွာများမှ သက်ကြီးရွယ်အိုများလည်း ထွက်ပြေးတိမ်းရှောင် နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲ့ဘက်ကရွာတွေကိုဝင်တာ ဒါနဲ့ဆို သုံးခါရှိပြီ။ ဒီတစ်ခါ ဝင်လာတာတော့ အဖမ်းအဆီး မရှိဘူး။ အရင်ဝင်တုန်းကတော့ ဒေသခံတွေကိုဖမ်းပြီး လူသားဒိုင်းလုပ်တာတွေ ဘာတွေရှိတယ်။ အခုတခေါက် ရေတွင်းကုန်းမှာ ဝင်ထိုင်နေတယ်။ ရွာခံတွေပြေးတာ ရွာလုံးကျွတ်ပဲ။ ဘေးရွာတွေမှာလည်း သန်သန်မာမာ ယောကျ်ားလေးပဲရှိတော့တယ်။ သက်ကြီးရွယ်အိုတွေတော့ နေရာရွေ့ပြီ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် ရေတွင်းကုန်းကြီးရွာတွင် အိမ်ခြေ ရှစ်ဆယ်နီးပါးနှင့် ဒေသခံပြည်သူ ငါးရာခန့်ရှိ၍ ထိုသို့ ရွာအတွင်း ဝင်ရောက်နေထိုင်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုများနှင့် နယ်မြေမတည်ငြိမ်မှုများ ထပ်မံဖြစ်ပွားမည် စိုးသဖြင့် ထိတ်လန့်ကြောက်ရွံ့နေရကြောင်း ဒေသခံများက ပြောသည်။

Photo -KIC
“ ဟိုးတစ်ခါ ဒီဘက်ရွာတွေကိုဝင်တုန်းက ပစ်ခတ်မှုတွေဖြစ်တယ်လေ။ ဒီအချိန်ထိတော့ ငြိမ်နေသေးတယ် ဆိုပေမယ့် ဘာဆက်ဖြစ်မယ်ဆိုတာ ရင်တထိတ်ထိတ်ပဲ။ ရှောင်နေကြတဲ့သူတွေကတော့ နီးစပ်ရာမှာ နေကြတယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
အလားတူ မေလ ၃၀ ရက်ကလည်း ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းရှိ လမ်းမီးတိုင်အား ပြုပြင်ရန် အကာအကွယ်အဖြစ် ဒေသခံအမျိုးသား ၁၇ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆိုပါနေ့ညနေပိုင်းက ပြန်လွှတ် ပေးလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်နှင့် ၃၀ ရက် တွင် လည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၀ နှင့် ခမရ-၅၉၉ တို့က မုန်းမြို့နယ်အတွင်းရှိ မီးတိုင်တောကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အစရှိသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများရှိခဲ့သလို ဒေသခံပြည်သူ လေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကေအဲန်ယူ၏ ညောင်လေးပင်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ဇွန်လ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ယခု ၂၀၂၃ ခုနှစ် ဇွန်လအစောပိုင်းအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ရှိနေကြောင်း ကေအဲန်ယူ၏ အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ကေအိုင်စီ – ပေးပို့သည်