အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာတချို့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် မြေရှားသတ္တုတူးဖော်ခြင်း၊ ရွှေနှင့် ကျောက်စိမ်း တူးဖော်ခြင်း၊ တရုတ်တစ်သျှူးငှက်ပျော စိုက်ခင်းလုပ်ခြင်း၊ သစ်တောဖြုန်းတီးခြင်း အလွန်အကျွံ ပြုလုပ်နေလို့ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူပေးရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်သူများက ပြောသည်။
“အရင် အရပ်သားအစိုးရရှိနေတဲ့ အချိန်တုန်းကတော့ အပြည့်အဝ ဖြေရှင်းမပေးနိုင်ပေမယ့် သူ့ဟာနဲ့သူတော့ တာဝန်ယူမှု ရှိနေသေးတယ်၊ အခုက အရမ်းဆိုးသွားပြီ။ ပြောရမယ်ဆိုရင် အထိန်းအကွပ်မဲ့သလို ဖြစ်သွားတဲ့အချိန် ဘယ်သူမှ တာဝန်မယူနိုင်တော့တဲ့အတွက် ဧရာဝတီမြစ်ကို ကြည့်လိုက်တာနဲ့ သိသိသာသာကို ပြောင်းလဲနေတာ တွေ့နေရတယ်”ဟု Kachin National Forum (KNF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
Kachin National Forum (KNF) သည် ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ ကျောင်းသားအဖွဲ့များနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့များဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့် လုပ်ငန်းများ ရပ်တန့်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ဖြေရှင်းပေးစေလိုကြောင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေရန် အလွန်အကျွံလုပ်ကိုင်နေကြသည့် လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ထိထိရောက်ရောက် အရေးယူပေးကြရန် KNF က ဇွန်လ ၅ ရက်တွင် ကျရောက်သည့် World Environment Day တွင် ထပ်မံတိုက်တွန်း ပြောဆိုသည်။
ကချင်ပြည်နယ်တွင် စစ်တပ်အာဏာပြီးနောက် ရွှေနှင့် သတ္တုတူးဖော်မှု ပိုမို များပြားလာပြီး မြစ်ဆုံအထက် ခမ်ဘူးဒေသတစ်ခုထဲတွင် ရွှေလုပ်ကွက်ပေါင်း ၂၀၀ ကျော်ရှိကာ လုပ်ငန်းရှင် ၇၀ ဝန်းကျင်ရှိကြောင်း မြန်မာ့သတ္တုစောင့်ကြည့်ရေးကွန်ယက်၏ ပြီးခဲ့သည့် မေလ သုတေသနပြုချက်တွင် ရေးသားထုတ်ပြန်ထားသည်။
ထို့အပြင် ဧရာဝတီမြစ်အထက်ဘက်ဖြစ်သည့် တောင်ပေါ်ဒေသများတွင်လည်း မြေရှားတူးဖော်မှုများ၊ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်မှုများအပြင် တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းများ သစ်ပင်များခုတ်ခြင်း အစရှိသည့် သဘောဝပတ်ဝန်းကျင်ဖျက်ဆီးမှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများလာလျှက်ရှိကြောင်း ISP MYANMAR နှင့် GLOBAL WITNESS တို့၏ သုတေသနပြုချက်များတွင်လည်း ဖော်ပြထားသည်။
Kachin News Group – ပေးပို့သည်