စစ်တွေတွင် ညအချိန် လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်က စစ်ဆေးနေ

By MPM 3 မတ်, 2023 👁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ တပ်သားများသည် ယမန်နေ့ ညအချိန်တွင် ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ယမန်နေ့ မတ်လ ၁ ရက်၊ ည ၈ နာရီကျော်ခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (ခေါ်) နာဇီရွာ ရပ်ကွက်လမ်းဆုံ၌ စစ်ကောင်စီတပ်သား အင်အား ၁ဝ ကျော်က လက်နက်များကိုင်ဆောင်ကာ လမ်းသွားလမ်းလာ ဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲသူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့က မနေ့ည ၈ နာရီကျော်လောက်က မီးစက်ကြီးလမ်းဆုံဘက်ကနေ ကားနဲ့လာတာ။ နာဇီရွာကုန်းအဆင်း၊ နာဇီရွာလမ်းဆုံနားရောက်တော့ စစ်သားတွေနဲ့ ALP အဖွဲ့က ယူနီဖောင်းတွေဝတ်ပြီး လမ်းသွား လမ်းလာလူတွေကို ရပ်ခိုင်းပြီးတော့ စစ်ဆေးနေကြတယ်” ဟု ပြောသည်။

သူတို့ထဲတွင် လက်နက်အပြည့်အစုံဖြင့် ၃ ဦးကိုတွေ့ခဲ့ရသည်ဟုလည်း ဆိုသည်။

ထိုသို့စစ်ဆေးနေခြင်းမှာ မည်သည့်အတွက်ကြောင့်စစ်ဆေးနေသည်ကို မသိရဘဲ ညအချိန် လမ်းသွားလမ်းလာ ဒေသခံများ၏ ကားနှင့် ဆိုင်ကယ်များကိုဖွင့်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ ဘာကြောင့်စစ်တာလဲတော့မသိဘူး။ အဲ့နားက ဖြတ်သွားတဲ့လူတိုင်းကို စစ်တယ်။ ကားတွေကို ဝင်စစ်တယ်။ ဆိုင်ကယ်တွေဆို နောက်ဖုံးတွေ ဖွင့်ပြရတယ်။ ညအချိန် ဘာကိစ္စမှလည်း မဖြစ်ဘဲ စစ်ဆေးနေတာက မကောင်းဘူး။ အရေးကြီးကိစ္စတစ်ခုခုရှိလို့သွားတာ စစ်ဆေးခံနေရလို့ကို အချိန်ကုန်တယ်။ ဘာကြောင့်စစ်တယ်ဆိုတာလည်း မသိရဘဲ” ဟု ပြောသည်။

စစ်တွေတွင် ညရေးညတာ ကျန်းမာရေးကိစ္စဖြင့်ဖြစ်စေ၊ အရေးတကြီးကိစ္စဖြင့် အပြင်ထွက်ရသည့်သူများအတွက် ယင်းသို့စစ်ဆေးနေ၍ အချိန်ကြန့်ကြာမှုများရှိနေပြီး ခိုးဆိုး၊ ဓားပြတိုက်၊ လုယက်မှု၊ ဓားထိုးမှုများမကြာခဏဖြစ်တတ်သည့်နေရာများတွင် ထိုသို့စစ်ဆေးမှုများသွားလုပ်ပါက ကောင်းမည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောဆို ဝေဖန်နေကြသည်။

မျက်မြင် ကိုယ်တိုင်ကြုံတွေ့ခဲသူတစ်ဦးက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အဖွဲ့ဝင်အချို့ စစ်ဆေးရာတွင် ပါဝင်သည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး ALP မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။