စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် သတ်ဖြတ်ခံရပြီး ၉၀၀ ကျော် ဖမ်းဆီးခံထားရဟုဆို

By MPM 3 မတ်, 2023 👁

စစ်ကောင်စီ၏ အာဏာသိမ်းပြီး (၂) နှစ်ကျော်ကာလအတွင်း ကျန်းမာရေး ဝန်ထမ်း ၇၀ ကျော် သတ်ဖြတ်ခံရပြီး ၉၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပြောဆိုထားသည်။

ထိုအပြင် ကျန်းမာရေးဝန်ထမ်း ၇၈၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခြင်းနှင့် ဆေးရုံ/ဆေးခန်း ၁၆၀ ကျော်ကိုလည်း ဖျက်ဆီးမှုများကို စစ်ကောင်စီ ကျူးလွန်ခဲ့ကြောင်း ပြောဆိုထားသည်။

“ကျမအမြင်တော့ အခု စာရင်းက လက်လှမ်းမှီတာကိုပဲ ပြုစုထားနိုင်တာဖြစ်မယ်။ ဒီထက်များ နိုင်တာပေါ့။ ဟိုတစ်လောကပဲကြည့်လေ ဆေးရုံတွေပိတ်သိမ်းခိုင်းတာတွေ၊ CDM ကျန်းမာရေး ဝန်ထမ်းတွေကိုမှ မဟုတ်ဘူး အခြားအခြားသော ပြည်သူလူထုကို သူတို့က အာဏာနဲ့ ဖိနှိပ်တာ အခုထိပဲလေ” ဟု မန္တလေးက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီကနေ ကျန်းမာရေးဝန်ထမ်းများအပေါ် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများအပေါ် စစ်တမ်းကောက်ယူထားမှုအား NUG မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ရက်စွဲနှင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ကောက်ယူထားသည့် ကျန်းမာရေးကဏ္ဍများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် မြိုင်မြို့နယ်ထဲက ဗဟင်းတိုက်နယ်ဆေးရုံ ပျက်စီးဆုံးရှုံးခဲ့မှု၊ အရာတော်မြို့နယ်ထဲက မင်းရွာ – မလဲသာ – ကန်ရင်းရွာတို့က ဆေးရုံ/ ဆေးပစ္စည်း ပျက်စီးဆုံးရှုံးခဲ့ရမှု၊ CNF ဌာနချုပ်အတွင်းရှိ ပြင်ပလူနာ ကုသဆောင်၊ ဆေးသိုလှောင်ရုံတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုတို့ကို ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အုတ်မြို့နယ် အေးမြသာယာ တိုက်နယ်ဆေးရုံက CDM သူနာပြုဆရာမ (၁) ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနှင့် ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်း သူနာပြုဆရာမ ဖမ်းဆီးသတ်ဖြတ်ခံရမှုများကိုလည်း ပြုလုပ်ခဲ့သေးကြောင်း NUG က ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။