ရခိုင်ဒေသတွင်း ကျေးရွာ ၅ ရွာတွင် အိန္ဒိယအစိုးရက ဆိုလာစက်ရုံများဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးထား

By MPM 3 မတ်, 2023 👁

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုရှိ ကျေးရွာ ၅ ရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ဆိုလာစက်ရုံများ တည်ဆောက်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးထားသည်ဟု ဒေသခံများက ပြောသည်။

ယင်းကျေးရွာ ၅ ရွာမှာ ကျောက်ဖြူမြို့နယ်မှ ဂန့်ဂါကျေးရွာ၊ တောင်ကုတ်မြို့နယ်မှ ဖောင်းခါးကျေးရွာ၊ မောင်တောမြို့နယ်မှ အိုးထိန်းကျေးရွာ၊ ပေါက်တောမြို့နယ်မှ ပြင်းမကျေးရွာနှင့် မြေပုံမြို့နယ်မှ ချောင်ကျကျေးရွာတို့ဖြစ်သည်။

အိန္ဒိယနိုင်ငံအစိုးရ အကုန်အကျခံ၍ ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီမံကန်းပြီးစီးသွားပြီဟု စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိတစ်‌ဦးက နိရဥ္စရာကို ပြောသည်။

“အဲဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုလိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါစီမံကိန်းဧရိယာတွင်ပါဝင်သည့် မြေပုံမြို့နယ်၊ ချောင်ကျကျေးရွာတွင် အိန္ဒိယအစိုးရက တည်ဆောက်ပေးထားသည့်ဆိုလာစက်ရုံမှတဆင့် လျှပ်စစ်မီးများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ၂၄ နာရီအချိန်ပြည့်သုံးစွဲနေရပြီဟု ဒေသခံများက ပြောသည်။

ချောင်ကျရွာသား ကိုညွန့်ဝင်းချေက “မီးကတော့ သုံးလို့ TV တွေဘာတွေကြည့်လို့တော့ အဆင်ပြေပါတယ်။ ထမင်းတွေဘာတွေ ချက်လို့ကတော့ မရဘူးလို့ ပြောပါတယ်။ ဒေသခံ တစ်ယောက်အနေနဲ့ အများကြီး ဝမ်းသာမိပါတယ်။ ကျနော်တို့ရွာအတိုင်းအတာနဲ့ အဲလောက်ထိ ကိုယ်ပိုင်မီးသုံးဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် အခုလိုကူညီပေးတာကို အများကြီး ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ချောင်ကျကျေးရွာတွင် အိမ်ထောင်စု ၇ဝ ကျော်ရှိပြီး လူဦးရေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။

သတ်မှတ်ယူနစ်ထက်ပိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၅ဝဝ နှုန်းကောက်ခံကာ အဆိုပါရွာရှိ ဆိုလာစက်ရုံရန်ပုံငွေအတွက် စုဆောင်းထားကြသည်ဟု ရွာသားများက ပြောသည်။

စီမံကိန်းဧရိယာတွင်ပါဝင်သည့် တောင်ကုတ်မြို့နယ်၊ ဖောင်းခါး ကျေးရွာတွင်လည်း ရွာလယ်တွင်တည်ဆောက်ထားသည့် ဆိုလာစက်ရုံမှတဆင့် လျှပ်စစ်မီးများကို ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ၂၄ နာရီသုံးစွဲနေရပြီဟု ရွာသားများက ပြောသည်။

ယင်းသို့သုံးစွဲရာတွင် တစ်လျှင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ကျပ်နှစ်ထောင်နှုန်းပေးဆောင်ရသည်ဟု ဖောင်းခါးရွာသားကိုမိုးချမ်းက ပြောသည်။

“ရွာမှာ မီးလင်းတော့ ရွာအခြေအနေကတော့ ထမင်းချက်ရတာက သက်သာသွားတယ်။ ထင်းတွေဘာတွေ ဝယ်စရာမလိုတော့ဘူး။ အများကြီး ပြောင်းလဲသွားတယ်။ တိုးတက်လာတဲ့သဘောပေါ့” ဟု ပြောသည်။

ယခုဆောင်ရွက်ပေးထားသည့် မြို့နယ်များရှိ ကျေးရွာများသည် ရေလမ်းကိုသာ အဓိက အားထားနေရသည့် ကျေးရွာများဖြစ်ပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသွယ်တန်းရန် ခက်ခဲနေသည့် ကျေးရွာများဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။