နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ ဥသြစစ်ကြောင်းတို့ ထားဝယ် အရှေ့တောနယ်ဒေသတွင် တနေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသည့် OAK AWE COLUMN Dawei ဥသြစစ်ကြောင်းမှ စာအမှတ် JAC-၀၀၈/၂၀၂၃ ဖြင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။
ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပြန်ဆုတ်တဲ့အချိန်မှာ အားလုံးကို ကာပစ်ပေးရင်း တစ်ယောက်ထဲ ကျန်ခဲ့တဲ့အချိန် ရင်ဘက်ကို ကျည်ထိသွားတာဖြစ်ပြီး AR-15 သေနတ်တစ်လက်နဲ့ လက်လုပ် M-79 သေနတ်တို့လည်း ဆုံးရှုံးခဲ့ရသေးတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်ခန့်က ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ ထားဝယ်-ထီးခီး လမ်းမကြီးပေါ်ရှိ ကွာလီတောင်ကြောပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၃၀ ခန့်ပါ စစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
တိုက်ပွဲသည် ၃၅ မိနစ်ခန့် ကြာမြင့်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် စစ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဥသြစစ်ကြောင်း တပ်စိတ်မှူး ဘိုဘို အသက် ၃၀ အနှစ် ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
တပ်စိတ်မှူး ဘိုဘို၏အလောင်းကို နောက်တစ်ရက်အကြာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ထို့နောက် ပူးပေါင်းတပ်ဖွဲ့များမှ အင်အားပြန်လည်ဖြည့်တင်းပြီး ထားဝယ်-ထီးခီး လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရာတွင်လည်း သင်္ကန်းတုံးကျေးရွာအနီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ၁ နာရီခန့်အကြာထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် ဆုတ်ခွါရာလမ်းတစ်လျှောက် ပူးပေါင်းတပ်ဖွဲ့များ၏ ကြိုတင်စီစဉ်ထောင်ထားသည့် တိုက်မိုင်းများပေါက်ကွဲမှုကြောင့် ထပ်မံ၍ ထိခိုက်ကျဆုံးသူ အများအပြားရှိနိုင်သည်ဟု ဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း အရှေ့တောနယ် ထားဝယ်-ထီးခီး လမ်းမတစ်လျှောက် ကော်သူးလေ Army နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၃ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ဥသြစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့၊ နေ့လည်ပိုင်းတွင် ပကာရီကျေးရွာမှ Vigo ကား ၂ စီးဖြင့် သယ်ဆောင်သွားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။
အရှေ့တောဒေသရှိ ဒေသခံအများစုမှာ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေကြရပြီး နေစရာ အမိုးအကာနှင့် ဆေးဝါးရိက္ခာများ လိုအပ်လျက်ရှိရာ ကူညီပေးနိုင်မည့် အဖွဲ့အစည်းများကိုလည်း မျှော်လင့်နေကြသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဘက် စစ်ရေးတင်းမာမှုများ ရှိနေခြင်းတို့ကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
NMG – ပေးပို့သည်။