အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ

By MPM 24 ဖေ‌ဖော်ဝါရီ, 2023 👁

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ရိက္ခာကုန်းတပ် (ဂျပန်လှိုဏ်ဂူ) ရှိ စစ်ကောင်စီအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာများထဲ ကျရောက်ခဲ့ပြီး ဒေသခံ ၄ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးကျည်ဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇၈ နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် လေးဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ အမျိုးသားတစ်ဦးက “ဂျပန်လှိုင်ဂူကနေ ပစ်တာက ကျော်ရွာက ၇၈ နှစ်အရွယ် အဖွားတစ်ယောက် ခြေထောက်ထိတယ်။ နောက်ပြီးတော့ အဲ့ဒီကျော်ရွာကပဲ အသက် ၂၄ နှစ်အရွယ်နဲ့ ၃၀ အရွယ် အမျိုးသားနှစ်ယောက်က ခေါင်းနဲ့ ကျောကုန်းကို ထိတာ။ နောက်ထပ် အမျိုးသမီးတစ်ယောက်ကတော့ ခေါင်းတွေရော လည်ပင်းတွေရော ထိတာတဲ့။ သူကစိုးရိမ်ရတယ်။ သွေးတွေတောင် အခဲလိုက် နှာခေါင်းထဲကနေ ကျတယ်တဲ့” ဟု ပြောသည်။

အင်းတော်မြို့ ရိက္ခာကုန်းတပ် (ဒေသအခေါ် ဂျပန်လှိုင်ဂူ) က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် ပြည်သူများနေထိုင်သည့် ကျေးရွာများဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ထိမှန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျော်ကျေးရွာမှ အသက် ၇၈ အရွယ် ဒေါ်ဒွန်း၊ အသက် ၂၄ နှစ်အရွယ် ကိုတင်လင်း၊ အသက် ၃၀ အရွယ် ကိုမျိုးထက်နိုင်နှင့် အသက် ၄၀ အရွယ် မဖြူဆိုသူတို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၄၀ အရွယ် မဖြူဆိုသူမှာ မိုးယူရွာမကျေးရွာကဖြစ်ပြီး ဦးခေါင်း၊ လည်ပင်း၊ မျက်နှာနှင့် နောက်ကျောတို့တွင် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု နီးစပ်သူ ဒေသခံများက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို ဒေသခံအချင်းချင်း၏ အကူအညီဖြင့် အင်းတော်ဆေးရုံသို့ တင်လိုက်ရသည်ဟု ကျော်ရွာက ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်နှင့် ပစ်ခတ်မှုကြောင့် အင်းတော်မြို့နယ်၊ မိုးယူရွာမကျေးရွာက နေအိမ်တစ်လုံးနှင့် ကျော်ကျေးရွာမှ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

ယခု ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကိုင်း-ကချင်အစပ်၊ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသထဲတွင် စစ်ကောင်စီတပ်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။

NMG – ပေးပို့သည်။