ကချင်ပြည်နယ် မိုးညင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ကို ဆက်သွယ်ပေးထားသည့် အင်းတော်ကြီး-ဝှေခါလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိပိတ်ထားသောကြောင့် အင်းတော်ကြီးဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စစ်ကောင်စီတပ်သည် အင်းတော်ကြီးမြို့အထွက် လုံးတုံစစ်ဆေးရေးဂိတ်မှ ဖားကန့်မြို့နယ်အဝင် ဝှေခါကျေးရွာအထိဖြတ်သန်းသွားလာခွင့်ပိတ်ထားရာ ယနေ့ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင်း ဒေသခံတစ်ဥိီး KNG သတင်းကိုပြောသည်။
“ ဘယ်နေ့ထိ ပိတ်တယ်ဆိုတာ မပြောထားဘူး။ ဒီတိုင်းပိတ်လိုက်တာ ရက်အကန့်အသတ်မရှိတဲ့၊ ဒီက အင်းတော်ကြီးဒေသခံတွေ တစ်နေ့လုပ် တစ်နေ့စားတွေအခက်အခဲဖြစ်တာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိပိတ်ထားသည့် အင်းတော်ကြီး-ဝှေခါလမ်းသည် အင်းတော်ကြီးဒေသမှ တောင်သူအများစုဖားကန့်ဘက်သို့ နေ့ချင်းပြန် စျေးရောင်းသွားနေသည့် လမ်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အင်းတော်ကြီးဒေသခံပြည်သူများ ဖားကန့်ဘက်သို့ နေ့စဉ် ကျောက်ရှာအသက်မွေးဝမ်းပြုနေသည့် လမ်းပိုင်းဖြစ်ရာ ယခုကဲ့သို့ လမ်းပိတ်လိုက်ခြင်းသည် စစ်ကောင်စီတပ်အနေနဲ့ ပြည်သူများအား ပစ်မှတ်ထားနေခြင်းသာဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ခုလိုပြောသည်။
“ စစ်ကောင်စီဘက်က နယ်မြေလုံခြုံရေးအကြောင်းပြပြီး ပိတ်လိုက်တာ အဲ့အင်းတော်ကြီး-ဝှေခါလမ်းပိုင်းမှာ တိုက်ပွဲလည်းခနခနဖြစ်တယ် ပြီးတော့ တစ်ဖက်လက်နက်ကိုင်တွေက ဒီလမ်းကြောင်းကို အသုံးပြုနေတယ်ဆိုပြီးမှ ပိတ်လိုက်တာလို့သိရတယ် အဓိကတော့ ပြည်သူတွေ နစ်နာတယ်” ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် ကားလမ်းများမှာ မိုးညှင်း-အင်းတော်-ဖားကန့်ကားလမ်းနှင့် မိုးကောင်း-နန်ယား- ဖားကန့်ကားလမ်းနှစ်ခုရှိပြီး ယခုပိတ်လိုက်သည့်လမ်းသည် လမ်းခရီးနီးသည့်အတွက် ဖြတ်လမ်းအဖြစ် အသုံးပြုနေသည့်လမ်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယင်းလမ်းပိုင်းအား စစ်တပ်အနေဖြင့် ရေရှည်ပိတ်ထားပါက ပြည်သူများ သွားလာရေးအပြင် စားဝတ်နေရေးပိုမိုခက်ခဲလာနိုင်ကြောင်း အင်းတော်ဒေသခံများက ပြောသည်။
KNG – ပေးပို့သည်။