ကွတ်ခိုင်တွင် စစ်ကောင်စီနှင့် ကေအိုင်အေ ၂ ရက်ဆက် တိုက်ပွဲဖြစ်

By MPM 13 ဖေ‌ဖော်ဝါရီ, 2023 👁 2

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က နမ့်ဖတ်လွန်းကျေးရွာဘက်သို့ လက်နက်ကြီးကျည်များဖြင့် လှမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နမ့်ဖတ်လွန်းရွာခံ အမျိုးသားတစ်ဦးက “ဒီနေ့မနက်က နမ့်ခိုင်ရွာမှာ စစ်ကြောင်းက တဖြည်းဖြည်းနဲ့ တက်လာတယ်။ ကချင်ရွာနားရောက်တော့ ကချင်စစ်သားနဲ့ အဲ့မှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ ဖာခေတ်ရွာ ကချင်ရွာ အပေါ်ဘက်မှာဖြစ်တယ်” ဟု ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့်တွင်လည်း ကွတ်ခိုင်-နမ့်ဖတ်ကာကြားရှိ ရှုခင်းသာနေရာတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နမ့်ဖတ်လွန်းကျေးရွာရှိ နေအိမ်တစ်လုံးထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အိမ်ပေါ်တွင်ရှိနေသည့် အဘိုးအိုတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

နမ့်ဖတ်လွန်းကျေးရွာခံ အမျိုးသမီးတစ်ဦးက “မနေ့က ရွာနားမှာ တိုက်ပွဲဖြစ်တော့ ရွာက အဘိုးကြီးအိမ်မှာ လက်နက်ကြီး ထိသွားတယ်။ အဘိုးက ထမင်းစားနေချိန်မှာ လက်နက်ကြီးက အိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲ တော့ အဘိုးက လက်နက်အစတွေ ထိသွားတယ်။ အဘိုးက သူကျောကုန်းမှာ ထိသွားတယ်။ဒဏ်ရာကတော့ အများကြီးထိတာ မဟုတ်ဘူး။ နည်းနည်းလေးပါပဲ အဲဒီအစကိုတော့ မနေ့ကတည်းက ထုတ်လိုက်ပြီ” ဟု ပြော သည်။

စစ်ကောင်စီတပ်က နမ့်ဖတ်လွန်း စာသင်ကျောင်းဘက်မှနေ၍ ပြည်သူများနေထိုင်သည့်ဘက်ကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် (၉၁) နှစ်အရွယ် အဘိုးအိုတစ်ဦး ကျည်စများထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိမှန်ဒဏ်ရာရရှိခဲ့သူ အဘိုးအိုကို ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးသွားကုသမှုပေးနေရသည်ဟု နမ့်ဖတ်လွန်းကျေးရွာက အမျိုးသမီးက ဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်ထဲ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွှဲပိုင်းအချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲသံများ ငြိမ်သွားသော်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည်များဖြင့် နားလိုက် ပစ်လိုက် ပစ်ခတ်နေသေးသည့်အတွက် ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

NMG – ပေးပို့သည်။