ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ခံ က.ပ.စ-၁၄ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်အစောပိုင်းက ငဖဲမြို့နယ်အခြေစိုက် က.ပ.စ-၁၄ ယမ်းချက် စက်ရုံကို PRA Magway ရဲ့ စစ်ကြောင်းနှစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။
“ အဲဒီကိစ္စကတော့ မဆိုင်တဲ့အရပ်သားတွေကို ဂိတ်တွေမှာ မထင်ရင်မထင်သလို ခေါ်ယူ စစ်ဆေး တာတွေ၊ရိုက်နှက်တာတွေ ဒီလိုပုံစံတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ဖရဲသီး ဆီကရတဲ့သတင်းအရ သူတို့တော်တော်လေးအထိနာသွားတယ်လို့ ကြားသိရပါတယ်။” လို့ ဟာကျူလီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ က.ပ.စ -၁၄ ကို ၁၀၇-(မမ) ရှေ့တိုက်ဒုံး (၂) လုံး၊ RPG-၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရရှိတဲ့ အခြေအနေအသေးစိတ်ကို အတည်ပြုလို့ မရသေးဘူးလို့ သူကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁) ရက်နေ့ကလည်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာနဲ့ မြေလတ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေပါလာတဲ့ မော်တော်ယာဉ်ကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်ကလဲ မင်းဘူးခရိုင်အတွင်းက စလင်း-ကံပြား ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ တဲ့အတွက် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။