စာသင်ကျောင်းကို မဲရုံလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ

By MPM 23 ဇန်နဝါရီ, 2023 👁

မကွေးတိုင်း မြိုင်မြို့နယ်က ကိုင်းတောမစခန်းနားမှာရှိတဲ့ စာသင်ကျောင်းကို ရွေးကောက်ပွဲမှာသုံးမယ့် မဲရုံအဖြစ် ပြင်ဆင်ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့က (၄၅) မိနစ်ကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၁) ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

“ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ မဲရုံပြုပြင်ဖို့အတွက် သူတို့တွေလာတာကို ကျွန်တော်တို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ” လို့ Pakokku People’s Defence Force က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တရားမဝင်တဲ့ရွေးကောက်ပွဲကို စစ်ကောင်စီက ပြုလုပ်လာတဲ့ကိစ္စမှာ ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့နဲ့ တော်လှန်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှပါဝင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့အားမာန်၊ MUGDF၊ မိုးကြိုး (GOBA)၊ TYK ပျောက်ကြားတပ်ဖွဲ့၊ PPDF၊ နွေဦးညီနောင်၊ Young Force၊တပ်ရင်း (703)၊ ကျားသစ်နက် တပ်ခွဲ (3)၊ ဇာမဏီ တပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့၊ KMDF၊BO Kan အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့ကလည်း မြိုင်ကနေ သရက်ခွကိုပြန်လာတဲ့ ပျူစောထီးရိက္ခာ သယ်ကားကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ-၁၊ တပ်ခွဲ-၂ အလင်းတန်းပြောက် ကျားတပ်ဖွဲ့ (မြိုင်)၊ PPDF၊ ကိုအောင်ကြီးအဖွဲ့၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ MVPRF Hero New GZ ၊ Myaing warriors ၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့ (MRDF)၊ ဘီးလုံးငှက်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။