အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ကလေး ၂၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ၎င်းစစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်တိမ်းလာသူများထဲတွင် မူလတန်းမှ အလယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦးအထိ ပါဝင်နေသည်။
အဆိုပါကျောင်းသားများမှာ ဘာသာစကားအခက်အခဲ၊ ငွေကြေးအခက်အခဲအပြင် သင်ရိုးညွှန်းတမ်းများ မရှိသဖြင့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသည့် ဦးထွန်းထွန်းဦးက ပြောသည်။
“သူငယ်တန်းကနေ ၈ တန်းအထိ ကျောင်းသား၊ကျောင်းသူအားလုံး ပညာရေး ဆုံးရှုံးနေပါတယ်။ ကလေးတွေက ကျောင်းတက်ချင်ကြပေမယ့် ငွေကြေးအခက်အခဲတွေ၊ ပြီးတော့ ဘာသာစကား နားမလည်လို့ ပိုအခက်အခဲ ဖြစ်ရတယ်။ နောက်ပြီး စာသင်မယ်ဆိုရင်လည်း စာကမတူဘူး။ အနာဂတ်ကလေးတွေ ပညာရေးဆုံးရှုံးနေရတာ အရမ်းစိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းကပြောသည်။
စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ကြားနိုင်ရန်အတွက် ဒေသခံကျေးရွာသားများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြသော်လည်း အခက်အခဲများရှိနေကြောင်း ဦးထွန်းထွန်းဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၆၀၀ ကျော်မှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများမှာ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ တပ်ပေါင်းချေကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လိုင်တလန်ကျေးရွာနှင့် ရွာသာယာ စသည့်ကျေးရွာများတွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိ စစ်ဘေးရှောင်များမှာ ဝါးခုတ်၊ ထင်းခုတ် စသည့် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု မီဇိုရမ်ပြည်နယ်၊ တပ်ပေါင်းချေကျေးရွာတွင် ခိုလှုံနေသည့် ဒေါ်အသန်းချေက ပြောသည်။
“အိန္ဒိယအစိုးရဆီကလည်း အကူအညီ မရပါဘူး။ တခြား ပြည်ပဘက်ကိုရောက်နေတဲ့ ဘုန်းကြီးတွေဆီက နည်းနည်း အကူအညီရပါတယ်။ ဒါပေမယ့် မလုံလောက်ဘူးလေ။ တောင်ပေါ်တက် ဝါးခုတ်၊ ထင်းခုတ်လို့ ရတာတွေနဲ့ပဲ စားဝတ်နေရေး ဖြေရှင်းနေရတယ်။ စားဝတ်နေရေး ခက်ခဲပေမယ့်လည်း စိတ်လုံခြုံတယ်။ အသက်အန္တရာယ်အတွက် စိုးရိမ်မှုမရှိပါဘူး” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ နိုဝင်ဘာလကုန်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည်မှာ လက်ရှိတွင် နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ နေရပ်မပြန်ရဲကြကြောင်း ပြောဆိုကြသည်။
မီဇိုရမ်ပြည်နယ်၊ တပ်ပေါင်းချေကျေးရွာတွင် ခိုလှုံနေသူ ဒေါ်ရွှေယီစိုးက “ကျမတို့က တိုင်းပြည်အခြေအနေ မကောင်းသေးလို့ ပြန်မသွားသေးတာပါ။ ငြိမ်းချမ်းရင်တော့ ပြန်သွားမှာ။ ကိုယ့်နေရာကို ပြန်သွားလို့ တစ်ခုခုဖြစ်သွားရင်လည်း မကောင်းဘူး။ အသက်အန္တရာယ်အတွက် စိုးရိမ်လို့ မပြန်သေးတာပါ။ တိုက်ပွဲဖြစ်မှာကိုလည်း စိုးရိမ်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေမှာ ယခုဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၉၀,၀၀၀ နီးပါး ရှိနေသေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
အောင်ထိန် (DMG) – ပေးပို့သည်။