ဘူးသီးတောင်ပေါ်တွင် မိုင်းအန္တရာယ်ပညာပေး သင်တန်းပြုလုပ်

By MPM 20 ဇန်နဝါရီ, 2023 👁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် Grassroots Development Association (GDA Buthidaung) အသင်းတို့ ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးသင်တန်းတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါသင်တန်းကို ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက် နေ့လယ် ၁ နာရီတွင် ဘူးသီးတောင်မြို့၌ ပြုလုပ်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား ၂ဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်အလွတ်သဘော တူညီချက်ဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် ဒီဇင်ဘာလ တစ်လတည်းမှာပင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာနှင့် မောင်တောမြို့နယ် ဝက်ကျိန်း (မြို) ရွာတို့တွင် မိုင်းပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် မိုင်းအန္တရာယ်ကို လျော့ချလိုသည့်အပြင် ကြိုတင်ကာကွယ်မှုလုပ်ရန် အသိပညာပေးလို၍ ယခုသင်တန်းကို ပြုလုပ်ခြင်းဖြစ်သည်ဟု GDA Buthidaung အဖွဲ့မှ တာဝန်ရှိသူ ကိုမောင်သာဖြူက နိရဥ္စရာကို ပြောသည်။

“အပစ်အခတ်ရပ်စဲထားတဲ့ အချိန်တွေမှာလည်းမိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တယ်။ ဆိုတော့ နောက်ဆက်တွဲတွေလည်း အများကြီး ဖြစ်လာနိုင်တယ်လေ။ ဒါတွေကိုကြိုတင်ကာကွယ်ဖို့ လိုတယ်။ အမှန်တကယ် ကာကွယ်ဖို့ လိုအပ်နေတဲ့အတွက် အဓိကတော့ မိုင်းအမျိုးစားတွေကို ပြောပြတယ်။ မိုင်းပေါက်ကွဲလို့ရှိရင် ဒဏ်ရာရသွားတဲ့သူတွေကို သွားမကယ်ရဘူး။ ကယ်မယ်ဆိုရင်လည်း အနီးနားကိုကြည့်ပြီးတော့ သူသွားခဲ့တဲ့ခြေရာတွေကိုကြည့်ပြီးတော့ သွားသင့်ဆိုတာမျိုးတွေ၊ နည်းစနစ်တွေကိုသင်ပြခဲ့ပါတယ်” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးရခြင်းနှင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးရခြင်းကြောင့် လူ့အသိုင်းအဝိုင်းကြား စိတ်အားသိမ်ငယ်ရခြင်း၊ လက်လုပ်လက်စားများ အနေဖြင့် စားဝတ်နေရေးများ အခက်အခဲဖြစ်လာခြင်း၊ နောက်ဆက်တွဲ ပြိုကွဲဆုံးရှုံးရခြင်း ရှိခဲ့ကြပြီး မိုင်းပေါက်ကွဲမှုသည် ပြည်သူများကို အများကြီး ဆိုးကျိုးဖြစ်သွားနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့စစ်ဘေးရှောင်တွေမှာ ရွာကို မပြန်ရဘဲစစ်တပ်တွေက သူတို့ရွာတွေမှာ တပ်စွဲနေထိုင်တာတွေရှိတယ်။ ပြန်ရရင်တောင် မိုင်းအန္တရာယ်ဖြစ်နိုင်ခြေ အများကြီး ရှိတယ်။ စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်နေရတဲ့သူတွေ အတွက် ပိုအန္တရာယ်များ နိုင်တယ်။ ဒါကြောင့် မိုင်းအန္တရာယ်ကို လျှော့ချတဲ့ အနေနဲ့ ၈၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၃၀ ရာခိုင်နှုန်း လျော့ချနိုင်အောင်ပေါ့။ ဒီလိုမျိုးသင်တန်းပေးတယ်ဆိုတာက ထောက်ပံ့မှုတွေက အဓိကလိုတာပေါ့။ အခွင့်အရေးရှိမယ်ဆိုရင် နယ်ဘက်တွေ၊ တိုက်ပွဲဖြစ်ပွားသွားတဲ့ နေရာတွေနဲ့ အနီးတစ်ဝိုက်တွေကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဖို့စိတ်ကူးရှိပါတယ်။ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေရှိရင် လုပ်ဖြစ်မှာပါ” ဟု ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ်ကလည်း မြောက်ဦးအခြေစိုက် ခမရ ၃၇၈ တပ်ရင်းအနီးရှိ တောင်တွင် ထင်းခုတ်သွားသည့် မြောက်ဦးမြို့နယ် နာဒင်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဆန်းသည် မိုင်းနင်းမိ၍ ညာဘက်ခြေထောက်တွင် ဒူးဆစ်အောက်မှ ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ စတင်ခဲ့သည့် စစ်ပွဲကာလများတစ်လျှောက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၇၁ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၅၀ ဦးခန့် ရှိနေသည်ခဲ့သည်ဟု သိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။