ကရင်နီပြည်တွင်းမှာ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု စစ်ကောင်စီ လုပ်ဆောင်နေ

By MPM 19 ဇန်နဝါရီ, 2023 👁

ကရင်နီပြည်က စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရား လည်ပတ်နေတဲ့ မြို့ပေါ်နေရာတချို့တွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စစ်ကောင်စီက ပြုလုပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ကစပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တာရားအားကောင်းတဲ့ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့မှာတော့ တစ်အိမ်တက်ဆင်း အိမ်ထော င်စုစာရင်း ကြည့်ပြီး လူဦးရေစာရင်း လိုက်လံကောက်ယူနေတယ်လို့ ဖားဆောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

“သူတို့ကောက်တာက တစ်အိမ်ချင်းပေါ့နော။ ရပ်ရွာထဲက ရပ်ကွက်လူကြီးတွေ တချို့၊ ပြီးတော့မှ ထွေအုပ်တွေ၊ ပြီးတော့ ရဲဝန်ထမ်းတွေနဲ့ လုံခြုံရေးယူပြီး လိုက်ကောက်နေတာ တွေ့ရတယ်” လို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လုံခြုံရေးနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေမှ မြို့တွင်းကောက်ယူနေတာဖြစ်ပြီး ကျေးရွာအတွင်းထိတော့ ကောက်ယူတာမတွေ့ရသေးဘူးလို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

လူဦးရေစာရင်းကောက်ယူနေတာဟာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“သူတို့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာက ရွေးကောက်ပွဲလုပ်ဖို့လောက်ပဲ။ တခြားဒေသခံတွေမေးတော့လည်း သူတို့ အဲ့လိုပဲပြောကြတယ်။ တစ်ယောက်ကိုမေးလည်း သူတို့ ရွေးကောက်ပွဲ ပြန်လုပ်မယ်ထင်တာပဲ ရွေးကောက်ပွဲပဲ ဖြစ်မှာပေါ့ အဲ့လိုပေါ့နော“ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ ၂၃ ရက်တာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်းကောက်ယူသွားဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ ဆောင်ရွက်မှုမှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၉) ရက်နေ့မှာ တိုက်တွန်းထားတာရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက လွိုင်ကော်မြို့တချို့ ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ကနေ အိမ်ထောင်စုစာရင်းပြင်တာတွေ၊ မှတ်ပုံတင် အသစ်ပြုလုပ်ဖို့ အစည်းအဝေးခေါ်ပြီး တိုက်တွန်းပြောဆိုတာပြုလုပ်ခဲ့ပါသေးတယ်။

“အိမ်ထောင်စုစာရင်း ပြင်ချင်တဲ့သူတွေ လာခဲ့ဖို့ဆိုပြီး အထဲရောက်တော့ မဲစာရင်းကိစ္စ ဟောတယ်ဆိုတာ နမ့်ဘော်ဝမ်မှာ အဲ့လိုလုပ်သွားသေးတယ်။ ကြည်သာယာ၊ နမ့်ဘော်ဝမ် အဲ့ရပ်ကွက်တွေမှာ။ စည်းရုံးရေးသဘော ဟောပြောတာရှိတယ်။ ပါတီအကြောင်းတော့မဟုတ်ဘူးပေါ့။ ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာရယ် မဲစာရင်းအမှားတွေအကြောင်း“ လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အာဏာထိန်း” လို့ပဲ သုံးနှုန်းခဲ့ပြီး ရွေးကောက်ပွဲ မလုပ်နိုင်လျှင်၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီဆိုတဲ့ စစ်ကောင်စီ သုံးနေတဲ့စကားလုံးကို ၎င်းကိုယ်တိုင် ချိုးဖောက်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကိုတော့ စိုးမိုးနယ်မြေတွေမှာ မဖြစ်မနေ ပြုလုပ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ ၎င်းတို့ စိုးမိုးနယ်မြေတွေ ပိုမိုရရှိဖို့ စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) ကတော့ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်နိုင်အောင်ကို ၂၀၂၃ ရဲ့ ဇန်ဝါရီလမှ မေလအထိ၊ (၅) လ တာကိုတော့ စစ်ရေးအစွမ်းကုန် ထိုးစစ် မြှင့်တင်ပြီး စိုးမိုးနယ်မြေ ပိုမိုရရှိပြီးတော့မှ ရွေးကောက်ပွဲ လုပ်နိုင်လောက်တဲ့ အခင်းကျင်းတစ်ခုအထိကို ဖန်တီးဖို့အတွက်ကတော့ များတယ်။ အဲ့ဒီလို များတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မြို့နဲ့ ပိုနီးတဲ့ ကျေးရွာအုပ်စုတွေ၊ ရွာတွေကတော့ ဒီ (၅) လအတွင်းမှာ စစ်ရေးဆိုင်ရာအရ ပိုမိုပြီးတော့မှ သက်ရောက်ခံစားရနိုင်ခြေရှိတယ်ဆိုတဲ့ ဟာမျိုးတွေကိုတော့ ကျနော်တို့ ဝေဖန်တယ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုတွေအနေနဲ့ မပါဝင်ကြဖို့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ပြီး သည်းခံ စိတ်ရှည်ကြဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်က ပြောပါတယ်။

“စစ်ကောင်စီက သွေးခွဲမှုတွေ ကစားလာလိမ့်မယ် သူတို့စည်းရုံးမယ် ရွာမှာပြန်လာနေကြပါ မဲထည့်ပါ ရွေးကောက်ပွဲပါဝင်ပါ သူတို့ စည်းရုံးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူထုတွေသိရမှာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲ အခြေခံပြီးတော့မှ ရွေးကောက်ပွဲ လုပ်နေရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ အကျိုးပြုမှာမဟုတ်ဘူး။ ဒီစစ်အာဏာရှင်အောက်မှာပဲ ဆက်လက်ရပ်တည် အသက်ရှင်နေကြရဦး မှာပဲဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို လည်း လူထုအနေနဲ့ မပါဝင်ဖို့လိုတယ်။ နောက်ပြီးတော့မှ စစ်ကောင်စီဖက်ကိုလည်း မထောက်ခံဖို့လိုအပ်တယ်“ လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးဖို့ရှိနေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ လွိုင်ကော်၊ ဖားဆောင်း၊ ဘောလခဲ၊ ရှားတော၊ မယ်စဲ့ စတဲ့မြို့နယ်တွေရဲ့ မြို့ပေါ်သာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားလည်ပတ်နိုင်တာဖြစ်ပါတယ်။

ကရင်နီပြည်တွင်းက ဒေသခံ နှစ်သိန်းနီးပါးက စစ်ဘေးရှောင်နေရတာဖြစ်ပြီး နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့ အနေအထားမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကရင်နီပြည်တွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုက အရှိန်မြှင့်နေဆဲ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။