တီးတိန်မြို့နယ်အတွင်း ZRA-EC က ပြည်သူ့စစ်သင်တန်းပေးနေ

By MPM 18 ဇန်နဝါရီ, 2023 👁

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာတွင် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံပြည်သူ တစ်ရာကျော်ကို ပြည်သူ့စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ပြည်သူ့စစ်သင်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ပို့ချခဲ့ပြီး တက်ရောက်သူ ၁၂၀ ဦးခန့်ရှိသည်ဟု သိရသည်။

Zomi National Volunteer ဟု အမည်ပေးပြီး ယခုပို့ချသည့် ပြည်သူ့စစ်သင်တန်းမှာ အပတ်စဉ် ၈ ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။

Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်အာဏာရှင်စနစ်ကို တော်လှန်သော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ZRA-EC အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဒေသခံပြည်သူများအား ပြည်သူ့စစ်သင်တန်းများ ပို့ချသည်ကိုမူ မသိရသေးပေ။

KMG – ပေးပို့သည်။