ရှမ်းနီ ပြည်နယ်ရရှိရေး ဆောင်ရွက်ရန် ရှမ်းနီအမျိုးသားများကောင်စီ SNNC ဖွဲ့စည်းမည်ဟုဆို

By MPM 12 ဇန်နဝါရီ, 2023 👁

ရှမ်းနီအမျိုးသားများ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိရေးအတွက်ဆောင်ရွက်ရန် ရှမ်းနီအမျိုးသားများကောင်စီ (SNNC) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ ရှမ်းနီလူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တဲ့ ပြည်နယ် ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။” ဟု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဆေဝှမ်ဖက ပြောြကားသည်။

ရှမ်းနီအဖွဲ့အစည်းပေါင်းစုံအနေဖြင့် ရှမ်းနီအမျိုးသားများကောင်စီ SNNC ၏ဦးဆောင်မှုအောက်တွင် အစိတ်အပိုင်းများအဖြစ်ပါဝင်ပြီး ဘုံသဘောတူညီချက်များကိုအခြေခံ၍ လုပ်ကိုင်ဆောင်ရွက်ကြရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

SNCC အဖွဲ့ကို ဦးဆောင်ကော်မတီ ၉ ဦး လုပ်ငန်းကော်မတီ ၄၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း လုပ်ငန်းကော်မတီတွင် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းနီအမျိုးသားများကောင်စီ SNCC ကော်မတီများထဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီနှင့် အခြေခံဥပဒေရေးဆွဲ ပြဌာန်းရေးကော်မတီ စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။

ရှမ်းနီတိုင်းရင်းသားများသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက် ခေတ်အဆက်ဆက်တွင် ကိုယ်ပိုင်ပြည်နယ်ရရှိရေးအတွက် အစဥ်တစိုက် တောင်းဆိုလာခဲ့သော မှတ်တမ်းများလည်း အထင်အရှားရှိကြောင်း သိရသည်။

ရှမ်းနီလူမျိုးများသည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဘိုးဘွားစဥ်ဆက်နေထိုင်ခဲ့သော ဌာနေတိုင်းရင်းသားများဖြစ်ပြီး လူဦးရေ နှစ်သန်းထက်မနည်းရှိကြောင်း ရှမ်းနီအရေး ဆောင်ရွက်သူများက ပြောကြားသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။