ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်မြို့ဖြစ်သည့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်ကိုင်းတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ၅/ ကိုင်ဆောင်သူများ ဝင်ရောက်သွားလာခွင့်အတွက် ပြည်သူ့စစ်များက စစ်ဆေးရေးတင်းကြပ်ထားပြီး ထောက်ခံစာပါမှ ဝင်/ထွက်ခွင့်ရရှိကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်လိုသည့် ၅/ နဲ့ ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများသည် အင်းတော်ကြီးဒေသရှိ ကျေးရွာများ၏ ထောက်ခံစာပါမှသာ နန့်မွန်းပြည်သူ့စစ်များက ဒေသထဲ ဝင်ခွင့်ပေးကြောင်း ဒေသခံများက ပြောသည်။
“၅/၊ ၈/ တွေဆိုရင် မှတ်ပုံတင်ပါရင်တောင်မှ ရွာရဲ့ထောက်ခံစာပါမှ ဒီမှာနေထိုင်ကြောင်း ထောက်ခံစာပါမှ ဝင်ခွင့်ရတာ။ ကောလင်းနယ်ဘက်တွေပေါ့။ အေ့ဘက်တွေကလာတဲ့သူ အေ့မျဉ်းစောင်းတွေကိုဆို မထင်ရင်မထင်သလို ခေါ်ထားလိုက်တော့တာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
၅/ (စစ်ကိုင်းတိုင်း) နှင့် ၈/ (မကွေးတိုင်း) မှတ်ပုံတင်ကိုင်ဆောင်သူများကို နေထိုင်ခွင့်ထောက်ခံစာမပါက ဖမ်းဆီးထားခြင်း စစ်မေးခြင်းတို့ကို ဩဂုတ်လမှစပြီး စက်တင်ဘာလအထိ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောပါသည်။
အင်းတော်ကြီးဒေသအဝင် နန့်မွန်းတောင်အဆင်းရှိ ခရစ်ယာန်ဘုရားကျောင်းရှေ့ ပြည်သူ့စစ်ဂိတ်က ယခုလို စစ်ဆေးနေခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသူ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်အားလုံးကို တစ်ဦးချင်းစီ သေသေချာချာ စစ်ဆေးတင်းကြပ်နေခြင်းလည်း ဖြစ်သည်။
ယင်းအပြင် ဖြတ်သန်းသွားလာသူ မည်သူကိုမဆို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မပါလျှင် ဝင်ခွင့်/ထွက်ခွင့် ပေးခြင်းမရှိဘူးကြောင်းလည်း သိရသည်။
အင်းတော်ကြီးဒေသသည် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် မြို့တစ်ခုဖြစ်ပြီး ဟုမ္မလင်းဒေသခံခများသည်လည်း အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုလုပ်ငန်း၊ ကုန်စည်ရောင်းဝယ်မှုလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြသည့် ဒေသတစ်ခုလည်းဖြစ်သည်။
အင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်းရှိ ကျေးရွာတချို့နှင့် အင်းမြှီးကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ကျန်နေရာတွင်သာ ပြည်သူ့စစ်တပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းလည်းဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။