၄၉၉ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီဒေသတွေမှာ ကျင်းပဖို့ပြင်ဆင်နေ

By MPM 11 မတ်, 2026 👁 4

၄၉၉ နှစ်မြောက် ဒသမအကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီဒေသတွေမှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုနှစ် ၂၀၂၆ ခုနှစ်မှာတော့ ဟုမ္မလင်းမြို့နယ် နမ့်တောမြို၊ ဗန်းမောက်မြို့၊ မိုးကောင်းမြို့၊ ဝိုင်းမော်မြို့တွေမှာ ကျင်းပဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ ဆယ်စုနှစ်တစ်ခု ပြည့်လာခဲ့ပြီလည်းဖြစ်ပါတယ်။

“ရှမ်းနီတွေအတွက်က ဒီအမျိုးသားနေ့က အင်မတန်မှ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ရှမ်းနီတွေက အမျိုးသားနေ့လိုမျိုးတွေ၊ ရှမ်းနီတွေရဲ့ စည်းရုံးမှုအားကိုအင်မတန်ယူသင့်တယ်။ ကိုယ့်ရဲ့ပြည်နယ်ရရှိရေးအထိတောင် လျှောက်လှမ်းဖို့ အင်မတန်အရေးကြီးတယ်။ ဒါကြောင့်မို့လည်း ကြိုးစားကြရတာပေါ့လေ” လို့ ရှမ်းနီစာရေးဆရာ ဦးနန္ဒချစ်ထွန်းက ပြောပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို ၂၀၁၆ ခုနှစ်မှာ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်က စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ မန္တလေးမြို့မှာ ကျင်းပခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှ ရှမ်းနီဒေသကမြို့တွေဖြစ်တဲ့ ဗန်းမောက်၊ ဟုမ္မလင်း၊ မိုးကောင်းမြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို ရည်ရွယ်ချက် (၄) ခုနဲ့ကျင်းပတာဖြစ်ပြီး မြို့၊ ရွာ၊ လယ်မြေ၊ မြစ်ချောင်း၊ တောတောင်တွေကို မြတ်နိုးတန်ဖိုးထားဖို့၊ သမိုင်းယဉ်ကျေးမှုထုံးတမ်းတွေ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့၊ တိုးတက်ပြန့်ပွားအောင်ကြိုးစားဖို့၊ ရှမ်းနီဒေသနဲ့ ရှမ်းနီမျိုးနွယ်တွေ ပေါင်းစည်းနိုင်ဖို့အတွက်လို့ ဆိုထားပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို မိုးညှင်းစဝ်လုံက မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ “အင်းဝ” နေပြည်တော်ကို သိမ်းပိုက်ခဲ့တဲ့နေ့ကို သတ်မှတ်ကြတာလည်းဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရှမ်းနီအမျိုးသားနေ့ ကျင်းပဖို့အတွက် အတားအဆီးတွေကြုံခဲ့ရသလို တချို့ဒေသတွေမှာလည်း နိုင်ငံရေးအကန့်အသတ်တွေကြောင့် ကျင်းပခွင့်ရရှိဖို့ တားဆီးခံနေရဆဲလည်းဖြစ်တယ်လို့ ဦးဆောင်ကျင်းပပြုလုပ်သူတွေက ဆိုကြပါတယ်။

ShanNi Voice