ဧရာဝတီတိုင်းရှိ ရခိုင်စစ်ရှောင်များကို စစ်ကောင်စီက သံသယနှင့် စောင့်ကြည့်နေဟုဆို

By MPM 15 အောက်တိုဘာ, 2024 👁

ဧရာဝတီတိုင်းထဲရှိ မြို့နယ်တချို့တွင် စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ရခိုင်စစ်ရှောင်ပြည်သူများသည် သံသယနှင့်စောင့်ကြည့်ခံနေရပြီး စစ်ကောင်စီ၏ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းစစ်ဆေးမှုခံနေကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်ထဲက ကျုံပျော်၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း စသည့် မြို့နယ်များသို့ စစ်ဘေးရှောင်ခိုလှုံနေသော ရခိုင်ပြည်သူများကို အဓိကထားစောင့်ကြည့်ကာ ဧည့်စာရင်းစစ်ဆေးမှု ခံယူနေရခြင်းဖြစ်သည်ဟု ရခိုင်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“ကျုံပျော်ခရိုင်ထဲက မြို့နယ်တွေမှာ ရခိုင်စစ်ဘေးရှောင်တွေကို စကစက သံသယနဲ့ အမြဲစောင့်ကြည့်နေတယ်။ နေရထိုင်ရတာ လွတ်လပ်မှု မရှိဘူး။ အတော်တင်းကြပ်ထားတယ်။ တပတ်တကြိမ် ဧည့်စာရင်းစစ်တယ်” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက တပတ်တကြိမ် ဧည့်စာရင်းစစ်ဆေးရာတွင် ယခင်တိုင်ကြားထားသည့် ဧည့်စာရင်းမှ လူများလျော့သွားခြင်း ရှိ/မရှိနှင့် အသစ်ရောက်ရှိနေသူများ ရှိ/မရှိတို့ကို အဓိက စစ်ဆေးနေကြောင်း သိရှိရသည်။

“သတင်းတွေ ထွက်နေတာကတော့ စကစအနေနဲ့ ဧရာဝတီတိုင်းထဲကို AA တွေ ရောက်လာမှာ အထူးကြောက်နေတယ်။ စစ်ဘေးရှောင်တွေကို စစ်ဆေးတဲ့အခါလည်း လူငယ်လူရွယ်တွေဆိုရင် တင်းတင်းကြပ်ကြပ် စစ်ဆေးတယ်” အဆိုပါ ရခိုင်စစ်ဘေးရှောင်အမျိုးသားက ဆက်ပြောသည်။

သံတွဲမြို့နယ်တိုက်ပွဲများနှင့် ဧရာဝတီတိုင်းနယ်စပ် ဂွမြို့နယ်တိုက်ပွဲများအတွင်း ရခိုင်ပြည်သူ စစ်ဘေးရှောင်အများအပြားသည် ဧရာဝတီတိုင်းထဲသို့ စစ်ဘေးရှောင် ခိုလှုံရောက်ရှိနေကြခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကုလားပြင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

စစ်ကောင်စီအနေဖြင့် AA ၏ ထိုးစစ်ကြောင့် ရခိုင်ကမ်းရိုးတန်းတောင်ဘက် သံတွဲမြို့ကို လက်လွှတ်ခဲ့ရပြီးဖြစ်သလို ဂွမြို့နယ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာသည်နှင့်တပြိုင်နက် ဧရာဝတီတိုင်းဘက်ရော က်ရှိလာသည့် ရခိုင်ပြည်သူများအပေါ် စစ်ရေး၊ နိုင်ငံရေးအငြိုးဖြင့် ချိုးနှိမ်ဆက်ဆံနေခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။

နိရဉ္စရာ ပေးပို့သည်။