ရခိုင်ပြည်၊ စစ်တွေမြို့မှ ဒေသခံ ၇၀ ဦးထက်မနည်းကို ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဩဂုတ် ၄ ရက် ညအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့ရှိ ကသဲ၊ ဓညဝတီ (ခ)၊ မင်းဂံ အကွက် (၆)၊ (၇)၊ (၈) ရပ်ကွက်အတွင်းသို့ စစ်ကောင်စီက စစ်ကား ၃ စီး ဖြင့် ဝင်ရောက်ကာ ဧည့်စာရင်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးပြီးနောက် ဒေသခံ ၇၀ ဦးထက်မနည်းကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ရပ်ကွက်က လူကြီးတွေလည်း တစ်ယောက်မှမပါဘူး။ ဒီအတိုင်းကားနဲ့ ပတ်ပြီးတော့ ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်။ ပြီးရင် တခါတည်း ဒေသခံတွေကို ဖမ်းသွားတာပါ။ ဘာကြောင့် ဖမ်းဆီးသွားမှန်းလည်း မသိရဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးပိုင်းနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များပါဝင်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။
ဩဂုတ် ၃ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက်၊ ဓညဝတီရပ်ကွက်နှင့် ကုန်တန်းရပ်ကွက်တို့တွင် စစ်ကောင်စီက တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း စစ်တွေမြို့ခံများထံမှ သိရသည်။
“ဒီရက်ပိုင်းအတွင်း ညအချိန်၊ နေ့အချိန်မဟုတ် စစ်ကောင်စီဘက်က ဖမ်းဆီးနေတာတွေရှိတယ်။ လှည့်လည် သွားလာနေတာလည်း ရှိတယ်။ မြို့ထဲမှာနေတဲ့သူတွေက အကုန်လုံး စိုးရိမ်နေကြတယ်” ဟု စစ်တွေမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်တွေမြို့ဒေသခံများကို မတရားဖမ်းဆီးကာ ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်လျက်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
ဇူလိုင်လအတွင်းက ကုန်တန်း၊ စက်ရုံစု၊ မြို့သူကြီးနှင့် ထန်းပင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေကျပ် သိန်း ၃၀ မှ သိန်း ၅၀ အထိ ငွေညှစ်တောင်းခံခဲ့ကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များထံမှ သိရသည်။
ယင်းအပြင် ဇွန်လအတွင်းကလည်း မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက် ၁၅၀ ဦးခန့်ကို လူတစ်ဦးလျှင် ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက “စစ်တွေမှာ စစ်ကောင်စီဘက်က လုပ်ချင်သလို လုပ်လို့ရ နေတယ်လို့ဆိုတာကို ပြနေတာဖြစ်တယ်။ နောက်ထပ်လည်း ဒီထက်ပိုဆိုးလာဦးမှာပါ။ မြို့တွင်းမှာ ကျန်နေတဲ့ ဒေသခံအများစုတော့ အခြေခံလက်လုပ်လက်စားတွေ ဖြစ်တယ်။ စစ်ကောင်စီက အခုလိုလုပ်နေတဲ့အတွက် ဒုက္ခမျိုးစုံကို ခံနေကြရတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် နေထိုင်သူအများစုမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ဘေးလွတ်ရာနေရာအသီးအသီးကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲနှင့် စစ်ကောင်စီ လမ်းခရီးပိတ်ဆို့မှုတို့ကြောင့် ယခုအချိန်ထိ ပိတ်မိနေကြဆဲဖြစ်သည်။
စစ်တွေမြို့တွင်းနေထိုင်သူတစ်ဦးက “မတတ်သာလို့သာ နေနေရတာ။ နောက်ကျောမလုံဘူး။ ဘယ်အချိန် လာဖမ်းမလဲ စိတ်ပူနေရတယ်။ မိသားစုဝမ်းရေး ဖြေရှင်းဖို့ ပိုက်ဆံမရှိလို့ တွေးပူရ၊ သူတို့လာဖမ်းမှာကိုလည်း တွေးပူရ၊ အဲဒီလို ပူပင်သောကတွေနဲ့ နေနေရတယ်” ဟု ပြောသည်။
မှတ်တမ်းပြုစုထားသော စာရင်းများအရ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၂ လတာအတွင်း စစ်ကောင်စီက ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၃၀၀ ခန့်မှာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန် ၄၀၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။
အောင်ထိန် (DMG ) ပေးပို့သည်။

