အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးများအား ကူညီကယ်ဆယ်ခွင့် နည်းပါးနေ

0
168
Photo – Social Media

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် အမျိုးသမီးများအား ကူညီကယ်ဆယ်ခွင့် နည်းပါးလာသည်ဟု အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။

တရုတ်နိုင်ငံသို့ ရောင်းစားခံရသူများတွင် ကချင်အမျိုးသမီးအများစုအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှဖြစ်ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရခြင်း၊ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများ (ကျားဖြန့်) တွင် ဖိအားပေး စေခိုင်းခံရခြင်းများ ကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူဆန်ထွယ်က “သူတို့က နိုင်ငံရေးအရရော စစ်ရေးအရရော အရမ်းခက်ခဲတဲ့ကိုယ့်ရဲ့ဒေသမှာ တခြားနေရာမှာ ကိုယ်နဲ့နီးစပ်တဲ့ နယ်စပ်မှာ အလုပ်လုပ်ဖို့အတွက်က များသောအားဖြင့် သူငယ်ချင်းတို့ မိတ်ဆွေတို့ ကိုယ့်ရဲ့အမျိုးတွေတို့ အဲ့လိုမျိုးခေါ်ရင်းနဲ့ အလုပ်ရှိတယ်ဆိုတဲ့အောက်မှာပဲ သူတို့ကထွက်လာရင်းနဲ့ တဖက်ကမ်းရောက်တာနဲ့ ရောင်းစားခံရတဲ့ အခြေအနေ ပိုများပါတယ်” ဟု ပြောသည်။

ထိုသို့ တရုတ်နိုင်ငံသို့ တရားမဝင်ရောင်းစားခံနေရသည့် အမျိုးသမီးများအား ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကူညီကယ်ဆယ်ခွင့် နည်းပါးလာသည့်အပြင် စာရင်းပြုစုရန်၊ အချက်အလက်ရယူရန်လည်း ပိုမိုခက်ခဲလာသည်ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလများတွင် နယ်စပ်ဂိတ်များအား တရုတ်ဘက်မှ ပိတ်ထားခြင်း၊ အမျိုးသမီးအဖွဲ့အစည်းများ ပေါ်ပေါ်တင်တင် လှုပ်ရှား၍မရခြင်း၊ ကူညီပေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း နယ်မြေအခြေအနေအရ လှုပ်ရှားရန် မလွယ်ကူတော့ခြင်းများ ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။

ထို့အခြေအနေများကြောင့် တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြသူ အမျိုးသမီးများအား ငွေကြေး အမြောက်အများ ရမည်ဟုဆိုကာ မက်လုံးပေးခံရပြီးနောက် တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံနေရခြင်း ဖြစ်သည်ဟု ဆန်ထွယ်က ပြောပါသည်။

“တကယ်တမ်း ရောင်းစားခံရဖို့သွားတာတော့ မဟုတ်ဘူးပေါ့။ ဟိုရောက်မှ မလွဲမရှောင်သာ အမျိုးသားက အလုပ်ရှိတယ်ဆိုပြီး ခေါ်သွားရင်းနဲ့ပဲ မယားဖြစ်တာတို့၊ မယားလုပ်ရမှာတို့ အဲ့လိုတွေပြောရင်းနဲ့ပဲ လူကုန်ကူးတဲ့ သူတွေဆီ ရောက်သွားတာပေါ့။” ဆန်ထွယ်က ရှင်းပြသည်။

ရောင်းစားခံရသည့်အမျိုးသမီးများမှာ လှောင်ပိတ်ခံရခြင်း၊ အဓမ္မလိင်ဆက်ဆံခံရခြင်း၊ ရိုက်နှက်ခံရခြင်းများ ကြုံတွေ့နေရပြီး ထိုအရာများအား ဆန့်ကျင်သူများကိုလည်း နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လေ့ရှိသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောပြကြကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးကို တရားမဝင်ပေါက်ဈေး ယွမ် ၁ သောင်းမှ ၅ သောင်း အထိပေး၍ ဝယ်ယူကြပြီး ဝေးလံခေါင်ဖျားသည့် ဟဲနန် (Henan) နှင့် စန်းတုန်း (Shandog) ပြည်နယ်များသို့ ခေါ်သွားကြ သည်ဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုသည်။

အမျိုးသမီးများ လူကုန်ကူးခံရမှုများ ပပျောက်စေရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုရှိရန်၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရန်၊ ထိုက်သင့်သည့် လုပ်ခလစာများရရှိရန် လိုအပ်သည်ဟု ဆန်ထွယ်က ပြောသည်။

“အမျိုးသမီးတွေကို လူကုန်ကူးနေတဲ့ကိစ္စ လျှော့ချနိုင်ဖို့အတွက်ဆိုရင် ကျမတို့ရဲ့မြန်မာနိုင်ငံရေး အပြောင်းအလဲ ကလည်း အများကြီး အရေးကြီးတယ်။ စစ်ပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေတဲ့ နယ်မြေမတည်ငြိမ်မှုအောက် မှာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးသမီးတွေအတွက်က လုံခြုံမှုမရှိတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တခြား နေရာကို သွားပြီးရှာစားရတဲ့ အခြေအနေမှာ၊ တွန်းပို့လာတဲ့အချိန်မှာ ဒီအမျိုးသမီးတွေအတွက်က vulnerable ဖြစ်လာတယ်ပေါ့နော်၊ ဆိုတော့ သူတို့အတွက်က ဒီလိုမျိုးဖြစ်ဖို့များလာတဲ့ပုံစံတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ တရုတ်နိုင်ငံတွင်သာမက ပြည်တွင်းရှိ ရှမ်းမြောက်ဒေသ၊ ရှမ်းအရှေ့ပိုင်းရှိ တာချီလိတ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းရှိ တရားမဝင် အွန်လိုင်းငွေလိုင်းဂိုဏ်းများဆီသို့လည်း အမျိုးသမီးများ ရောင်းချခံနေမှုများလည်း ရှိနေသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုသည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) Kachin Women Association Thailand (KWAT) ၏ စာရင်းအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အဆိုပါ တရားမဝင် အွန်လိုင်းငွေလိုင်းဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက်လာ သူ ၁၈၇ ဦး ရှိသည်ဟု သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here