အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ALD ပြောဆို

By MPM 18 ဇန်နဝါရီ, 2023 👁

အာဏာသိမ်းစစ်ခေါင်းဆောင်မှ အာဏာကို ဆက်လက်ကိုင်စွဲသွားရန်အတွက် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် အသိအမှတ်မပြုကြောင်း ပါတီခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေနှင့် ပါတီဖွဲ့စည်းပုံအရသော်လည်းကောင်း၊ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်အတွက် ဆောင်ရွက်အကောင်အထည်ဖော်နေသည့် ရွေးကောက်ပွဲဖြစ်နေ၍လည်းကောင်း ALD အနေဖြင့် မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု ပါတီအတွင်းရေးမှူးဦးမျိုးကျော်က ပြောသည်။

“ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဆိုရင် ပါတီဖွဲ့စည်းပုံကိုက တစ်ပါတီ အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျှ မြန်မာနိုင်ငံမှာ ပြန်လည်ပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန်ဆိုပြီးရေးထားပါတယ်။ ဒီနေ့အချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတယ်။ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့အတွက် ဆောင်ရွက် အကောင်အထည်ဖော်နေတာကို တွေ့ရတယ်။ ဒီအတွက် ALD အနေနဲ့ဆိုရင်တော့ မည်သည့်နည်းနဲ့မှ ပူးပေါင်းပါဝင်ခြင်း ပြုလုပ်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာကို ဦးစွာဖြေချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့သည်။

ထို့နောက် (၂၀၂၃) ခုနှစ်တွင် ရွေးကောက်ပွဲတစ်ရပ်ပြန်လည်ကျင်းပကာ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

သို့သော် လက်ရှိစစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ အာဏာကို ဆက်လက်ကိုင်ဆွဲသွားရန်ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ဦးမျိုးကျော်က ဝေဖန်ပြောဆိုသည်။

“ အခုစစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အာဏာကို ဆက်လက်ကိုင်ဆွဲသွားဖို့အတွက် သူတို့ရဲ့အာဏာရလိုမှုကို အကောင်အထည်ဖော်ခြင်းသာဖြစ်တယ်။ တစ်နည်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟု စွပ်စွဲပြောဆိုသော်လည်း ၎င်းမှာ အာဏာသိမ်းလို၍ အကြောင်းပြခြင်းသာဖြစ်ပြီး လက်ရှိအချိန်ထိလည်း နိုင်ငံတကာအပါအဝင် မည်သူမျှ စစ်အုပ်စု၏ စွပ်စွဲဆိုချက်အပေါ် အယုံအကြည်မရှိကြဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲ၊ အကျပ်အတည်း ပြဿနာများကြောင့် ယခင်ရွေကောက်ပွဲများနှင့်မတူဘဲ ပူးပေါင်းပါဝင်မည့် ပြည်သူလူထု၊ နိုင်ငံရေးပါတီတို့၏ အနေအထားများစွာလျော့ကျဖွယ်ရှိနေပြီး တကယ့် ပွင့်လင်းမြင်သာမှုနှင့် သမာသမတ်ကျမှုကို ရရှိနိုင်မည်မဟုတ်ဟုလည်း ၎င်းက ပြောဆိုသည်။

“ သမိုင်းအဆက်ဆက် တိုက်ပွဲမဖြစ်ခဲ့တဲ့နေရာတွေမှာပါ စစ်မြေပြင်ဖြစ်သွားတယ်။ ဒီအတွက် ဒီလူတွေ အာဏာတည့်မဲဖို့လုပ်တဲ့ရွေးကောက်ပွဲဆိုရင် ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ မဖြစ်မြောက်အောင်လည်း ကျနော်တို့က ဟန့်တားရမယ်” ဟု ဦးမျိုးကျော်က ပြောသည်။

လက်ရှိမှာ ယခုနှစ် သြဂုတ်လတွင် ကျင်းပမည်ဟုပြောဆိုထားပြီး ရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေစာရင်းများကို ဇန်နဝါရီ (၉) ရက်နေ့မှစကာ ကောက်ခံနေပြီ ဖြစ်သည်။

ရခိုင်တွင် လူသိများသည့် ပါတီ ၃ ပါတီရှိပြီး ရခိုင်ဦးဆောင်ပါတီ (AFP) အနေနှင့် ယခုလာမည့်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအရ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုထားပြီး ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ရခိုင်ပြည်တွင်း ရွေးကောက်ပွဲဖြစ်ခြင်း/ မဖြစ်ခြင်းမှာ ကျင်းပပြုလုပ်မည့် အချိန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအပြင် မြန်မာပြည်သူတစ်ရပ်လုံး၏ဆန္ဒအပေါ်လည်း မှုတည်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသမိုင်းတစ်လျှောက်၌ ရခိုင်ပြည်သူတွေ၏ ဘဝဖြစ်ပေါ်တိုးတက်မှုအတွက် တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ခြင်းမရှိခဲ့ကြောင်း ပြောဆိုထားသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။