အာဏာသိမ်းစစ်ကောင်စီတပ်ကို အရေးယူပေးရန် နိုင်ငံတကာသို့ တအာင်းအဖွဲ့များ တောင်းဆို

By MPM 15 ဒီဇင်ဘာ, 2022 👁

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပေးရန် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ TPCC နှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သလို လေယာဉ်နှင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနေအိမ်များလည်း ထိမှန်ပျက်စီးခဲ့သည့်အပေါ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်တပ်မှ ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များ အသုံးပြုကာ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC က ဒီဇင်ဘာလ ၁၄ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် လေကြောင်းတိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် နိုင်ငံတကာက စစ်တပ်ကို အရေးယူပေးရန် တောင်းဆိုထားသည်။

TPCC က “အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများနှင့် လေကြောင်းတို့ဖြင့် ကျေးရွာအတွင်းသို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများ ချိုးဖောက်ကူးလွန်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပေးရန် တိုက်တွန်းအပ်ပါသည်” ဟု ပြောသည်။

တအာင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနည်းတူ မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်သော်လည်းကောင်း လူသေဆုံးမှုများနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များမှာ အာဏာသိမ်းပြီးနောက်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ပြည်သူလူထုများကို ဦးတည်တိုက်ခိုက်နေသည့် စစ်တပ်ကို နိုင်ငံတကာအနေဖြင့် ထိရောက်သည့် အရေးယူမှုများကို လုပ်ဆောင်ပေးရန် တအာင်း အရပ်ဖက်အဖွဲ့အစည်းများကလည်း တောင်းဆိုသည်။

တအာင်းအရပ်ဖက် အဖွဲ့အစည်းက တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “ကျမတို့ အနေနဲ့ဆိုရင်တော့ နိုင်ငံတကာ အသိုင်း အဝိုင်းဆိုရင် ကျမတို့ ဒီ အခုစစ်ကောင်စီက ဒီဒေသတစ်ခုထဲနဲ့ မဟုတ်ပဲနဲ့ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ခိုက်မှုတွေ ဖြစ်ပြီဆိုရင် အမြဲတမ်းလိုလို ရဟတ်ယာဉ်တွေ၊ တိုက်လေ ယာဉ်တွေ သုံးပြီးမှ အပေါ်ကနေတိုက်ခိုက်နေတဲ့ဟာသည် ပြည်သူလူထုအပေါ်မှာ အများကြီး သက်ရောက်နိုင် တယ်။ အများကြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကို ဖြစ်စေတဲ့အတွက်ကြောင့်မိုလို့ ဒီနိုင်ငံတကာ အနေနဲ့လည်း ဒီအတိုင်းပဲ ကြည့်နေတာမျိုး မဟုတ်ပဲနဲ့ ဒီအပေါ်မှာ ရရာနည်းလမ်းပေါင်းစုံနဲ့ ကျမတို့ ဒီတအာင်းဒေသပဲပြောပြော မြန်မာပြည်လူထု တစ်ရပ်လုံးအတွက်ပဲ ပြောပြော ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ပြည်ပမှ တင်သွင်းလာမည့် လေယာဉ်ဆီအပါအဝင် အခြားသော ပိတ်ဆို့အရေးယူမှုများကို လုပ်ဆောင်ပေးရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအား တအာင်း အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုသည်ဟု ဆက်ပြောသည်။

“တစ်ဖက်မှာလည်း လေယာဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုနိုင်ဖို့အတွက် ရောင်းချပေးနေတဲ့ ဒီ ပြည်ပကနေ တင်သွင်းနေတဲ့ လေယာဉ်ဆီတွေ ဘာတွေ စသဖြင့် အဲလိုမျိုးတွေလည်း ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တအာင်း အရပ်ဖက်အဖွဲ့အစည်း တာရှိသူက ပြောသည်။

TPCC ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာ၊ ပန်အလော့နှင့် မန်လုံးကျေးရွာတွင် နေထိုင်သော ပြည်သူလူထုတို့က ထိတ်လန့်ကြောက်ရွံ့ကာ လူဦးရေ ၂၀၀၀ ကျော်တို့မှာ နမ့်ဆန်မြို့နှင့် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်ခဲ့ကြရသည်ဟု ပါရှိသည်။

ထို့အပြင် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် ဘာသာရေးအဆောက်အဦးများတို့ကို အကြမ်းဖက်စစ်တပ်မှ ပျက်စီး သည့်အပြင် တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု TPCC က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းရှိ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်းများကို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ပြည်သူများကို ကျေးရွာပြင်ပသို့ အတင်းပြောင်းရွှေ့ခိုင်းခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပြည်သူများရှိရာ ဒေသများသို့ ရည်ရွယ်ချက်ရှိရှိ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများနှင့် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောသည်။

ထိုသို့ ကျူးလွန်မှုများကို နိုင်ငံတကာအနေဖြင့် ရပ်ကြည့်မနေကြပဲ မြန်မာပြည်သူများကို စာနာသောအားဖြင့် စစ်တပ်ကို အပြစ်ပေးအရေးယူမှုများအား အမြန်ဆုံး လုပ်ဆောင်ပေးရန် အရပ်ဖက်အဖွဲ့အစည်း တော်တော်များများက တောင်းဆိုထားကြသည်။

NMG – ပေးပို့သည်။