အာဆာအဖွဲ့ လှုပ်ရှားမှုများရှိနေသည့် မောင်တောတွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်

0
454
ပုံစာ - မောင်တောတွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်ဆေးနေသည်။

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းစစ်မှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

ဩဂုတ်လ ၃၁ ရက် ညပိုင်းက မောင်တောမြို့ရှိ ကညင်တန်းရပ်ကွက်နဲ့ အခြားရပ်ကွက်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ပါဝင်ပြီး စစ်ကား ၂ စီးနဲ့ လာရောက်၍ နေအိမ်တွေကို ဧည့်စာရင်းဝင် စစ်သွားတယ်လို့ ဒေသခံတွေက ပြောသည်။

“အဓိကတော့ မောင်တော၊ ဘူးသီးတောင်မှာ ARSA အဖွဲ့က လှုပ်ရှားနေလို့၊ လှုပ်ရှားတာ များနေလို့၊ သတင်းတွေ ကြားလို့ ဒီလိုမျိုး ဧည့်စာရင်းစစ်နေတာလို့ သုံးသပ်မိပါတယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်မှုများကို သြဂုတ်လ ၂၈ ရက်မှ စတင်ပြီး အင်အား ၅ဝ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် အဖွဲ့ဝင်များက ညနေ ၆ နာရီခွဲ မှ ည ၁ဝ နာရီခွဲ အထိ ရှောင်တခင် စစ်ဆေးနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောပါသည်။

မောင်တောမြို့တွင် ရပ်ကွက်ကြီး ၁၂ ခု ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နေခြင်း ဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးတစ်ဦးက ပြောသည်။

“ သက်ဆိုင်ရာက ကြိုတင်တော့ မပြောဘူး။ ဒီရပ်ကွက်ကို လာစစ်မယ်ဆိုပြီးတော့လေ၊ ရှောင်တခင် လာစစ်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ယင်းသို့ စစ်ဆေးနေစဉ်ကာလအတွင်း သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးမိခြင်း မရှိသေးဟုလည်း ၎င်းက ဆက်ပြောသည်။

မောင်တောမြို့နယ် အတွင်းရှိ ရပ်ကွက်များကို ထိုသို့ စစ်ဆေးတာတွေ ရှိနေသော်လည်း ကျေးရွာများဘက်ကိုမူ ရှောင်တခင် ဧည့်စာရင်းဝင်စစ်တာမျိုး မရှိသေးဟုလည်း မွတ်ဆလင်ကျေးရွာသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူထားသည့် ARSA အကြမ်းဖက်အဖွဲ့ကို ယခုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာနေ၍ ARSA သည် ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စခန်းချ နေထိုင်ခြင်း၊ မွတ်ဆလင်ကျေးရွာများကို လက်နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင် တချို့ကို ပြန်ပေးဆွဲခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ ရက္ခိုင့်တပ်တော် (AA)နှင့် တိုက်ပွဲတချို့ ဖြစ်ပွားခြင်း၊ မောင်တောဒေသတွင် မွတ်ဆလင်များ သတ်ဖြတ်ခံခဲ့ရသည့် ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ဦးဆောင်ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းသို့ လှုပ်ရှားနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်း အများအပြားကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်တပ်ဘက်မှ အထိအခိုက် အကျအဆုံးများ ရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ယင်းသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက် လာနိုင်ခြင်း မရှိသေးပါ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here