အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများ ကြုံနေကြရ

By MPM 20 ဇူလိုင်, 2024 👁

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် စစ်ကောင်စီတပ်ရန်မှ တိမ်းရှောင်ထွက်ပြေးနေကြရသည့် ကာလတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြုံတွေ့ခဲ့ကြရသည်ဟု မြန်မာ့အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကွန်ရက် (MWPN) က ပြောသည်။



မြန်မာအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကွန်ရက် (MWPN) က ပြုစုထားသည့် အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အာဏာရှင်တော်လှန်ရေးတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့် လက်ရှိ ပါဝင်နေကြသည့် အခန်းကဏ္ဍများနှင့်ပတ်သက်သည့် သုတေသနစာတမ်းတွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။

အာဏာရှင်တော်လှန်ရေးကာလအတွင်း မြန်မာအမျိုးသမီးနိုင်ငံရေးသမားများ၏ အတွေ့အကြုံသုတေသန စာတမ်းပြုစုရာတွင် ဦးဆောင်ပါဝင်သည့် သုတေသီ Ellen က “အဓိကအားဖြင့် ကျမတို့က သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာပေါ့နော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ Security နဲ့ ပတ်သက်တဲ့ဟာ သူတို့အထူးစိုးရိမ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ခြိမ်းခြောက်ခံခဲ့ရတာတွေ ရှိတယ်ပေါ့နော်။ နောက်တခုက သူတို့ရဲ့ sexual ပိုင်းပေါ့နော်။ ဒီလိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လုံခြုံရေးပေါ့နော်။ အဲ့ဒါမျိုးတွေ တော်တော်စိုးရိမ်ခဲ့တာရှိတယ်” ဟု ပြောသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ကောင်စီတပ်က အတိုက်အခံများအား ဖိနှိပ်ရာတွင် ယခင်ကတည်းက အသုံးပြုခဲ့သည့်အပြင် ယခုလည်း အဆိုပါနည်းလမ်းကို ဆက်လက်အသုံးပြုနေသည်ဟု ဦးဆောင်သုတေသီ Ellen က ဆက်ပြောသည်။

“စကစရဲ့ဖိနှိပ်မှုက အရင်တုန်းကလည်း တိုင်းရင်းသားဒေသတွေမှာပေါ့၊ သူတို့ရဲ့ဖိနှိပ်မှု နှိမ်နှင်းမှုတွေမှာဆိုရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ သူတို့ Target (ပစ်မှတ်) ထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ အမျိုးသမီးတစ်ဦးရဲ့ နိုင်ငံရေးတက်ကြွနေတဲ့စိတ်ဓာတ် ရိုက်ချိုးဖို့အခါမှာ လိင်ပိုင်းဆိုင်ရာပြုမူပြီးတော့ အကြမ်းဖက်လာတာမျိုးလည်း အများကြီး ရှိလာတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အမျိုးသမီးနိုင်ငံရေးသမားများသည် စိတ်မတည်ငြိမ်မှုများ၊ စိတ်ဖိစီးမှုများနှင့် အခြားစိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ သာမက မိသားစုဖိအားများ၊ ငွေကြေးအရ တပါးသူကိုမှီခိုရခြင်းများနှင့် ကျန်းမာရေးထိခိုက်ချို့တဲ့မှုဒဏ်များကိုလည်း ကြုံတွေ့ခံစားခဲ့ရသည်ဟု MWPN က ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီး နိုင်ငံရေးသမားများသည် အမျိုးသားများထက် အခက်အခဲဒုက္ခ များကို ရင်ဆိုင်ရသည့်အတွက် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲဒုက္ခများကို အထူးအလေးထား ကူညီဖြေရှင်းပေးရန် လိုသည်ဟု မြန်မာ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက် MWPN က ဆိုသည်။

အမျိုးသမီးနိုင်ငံရေးသမားများသည် အမျိုးသမီးဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့များ တည်ထောင်ရာတွင်လည်း ပံ့ပိုးကူညီပေးခဲ့ကြပြီး လူသားချင်းစာနာမှု အထောက်အပံ့အစီအမံများ၊ ရန်ပုံငွေရှာဖွေမှု၊ ရပ်ရွာစည်းရုံး လှုံ့ဆော်မှု၊ ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများသာမက မီဒီယာများနှင့် ထိတွေ့ဆက်ဆံမှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု စသည့် အဓိကကြသော အခန်းကဏ္ဍများမှလည်း ပါဝင်နေကြသည်ဟု MWPN က ပြုစုထားသည့် စာတမ်းထဲတွင် ဖော်ပြပါရှိသည်။

ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဘုံရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် ကျား၊ မ မခွဲခြားဘဲ တိုင်းရင်သားအားလုံးအကြားတွင် အမျိုးသမီးနိုင်ငံရေးသမားများသည် သွေးစည်းညီညွတ်မှုတခုကို တည်ဆောက်နိုင်ခဲ့သည်ဟု ထိုစာတမ်းက ဆိုသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် NUCC ၏ အစီရင်ခံစာမှုအရ ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC )၊ ကြားကာလ အခြေခံဥပဒေဆိုင်ရာ အစီအမံများ၊ နိုင်ငံဝန်ထမ်း CDM မူဝါဒ၊ ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒ၊ ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက် စာတမ်းနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု မူဝါဒများ ရေးဆွဲချမှတ်ခဲ့ရာတွင် အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

စစ်အာဏာသိမ်းသည့် အချိန်မှစပြီး ယနေ့အချိန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ အကျဉ်း သား ၂၆,၂၁၀ ဦးထဲတွင် ၅,၄၁၆ ဦး (၂၀.၇ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်ပြီး သတ်ဖြတ်ခံရသူ အမျိုးသမီး ၈၁၀ ဦး (၁၇.၆ ရာခိုင်နှုန်း) ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

NMG ပေးပို့သည်။