
စစ်ကောင်စီတပ် အနောက်ပိုင်းတိုင်းတည်ရှိရာ အမ်းမြို့အနီးဝန်းကျင်နှင့် စကခ (၉) တည်ရှိရာ ကျောက်တော်မြို့တို့တွင် မြို့ပေါ်တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်ပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ကျောက်တော်မြို့ အနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ပြီး ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တင်းမ (တောင်ရှည်တောင်) ဗျူဟာစခန်းကုန်းအနီးကို စစ်ကောင်စီတပ်၏ ကျောက်တော် အခြေစိုက် စကခ (၉) မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် MRLS ဒုံးကျည်များဖြင့် ပစ်ခတ်မှုများရှိသဖြင့် မြို့ပေါ်တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်ပြီး ဒေသခံများနှင့် မြို့ခံများမှာ ဘေးလွတ်ရာနေရာများသို့ ရှောင်တိမ်းနေကြခြင်း ဖြစ်သည်။
ရှောင်တိမ်းနေကြသည့် ဒေသခံများမှာ ကျောက်တော်မြို့ရှိ မြို့သစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ရှမ်းရွာရပ်ကွက်နှင့် ပိုက်သည်ရပ်ကွက်တို့မှ ဒေသခံများဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ကျောက်တော်မြို့ခံတစ်ဦးက “ကျောက်တော်မြို့ထဲမှာက လောလောဆယ် အခြေအနေကောင်းတယ်။ ဒါပေမဲ့ စစ်ရေးစစ်ရာအခြေအနေတွေကို ဘယ်သူမှ မှန်းဆလို့မရဘူး။ အခုက မြို့သိမ်းတိုက်ပွဲတွေပဲ ဆက်တိုက် ဖြစ်နေတာဆိုတော့ ကြောက်လန့်ပြီး ရှောင်နေကြတယ်။ မြို့ထဲမှာက တချို့တဝက်မရှိတော့ဘူး” ဟု ပြောသည်။
အလားတူ အမ်းမြို့တွင်လည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က အမ်းမြို့နယ်ရှိ ကဇူးကိုင်းအုပ်စုနှင့် ဒါးလက်အုပ်စုရှိ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရယူထားသည့် စခန်းများကို စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲချခြင်း၊ မြို့ရှောင်လမ်းနှင့် လူနေရပ်ကွက်များ အထိ ဝင်ရောက် နေရာယူကာ ဂိတ်စခန်းချခြင်း၊ စစ်ကြောင်းများ သွားလာခြင်းစသည့် စစ်ရေး လှုပ်ရှားမှုတို့ကို ပြုလုပ်နေသည့် အတွက် မြို့ပေါ်တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ဒေသခံများမှာ ဘေးလွတ်ရာကို စတင်ရှောင်တိမ်းနေကြသည်ဟု သိရသည်။
“အမ်းမှာက မြို့ကလူတွေ ရှောင်လို့ မရဘူး။ မြို့ခံတွေကို ထွက်ပေါက်မရအောင် စစ်တပ်က လမ်းတွေ ပိတ်ထားတယ်။ ပြောရရင်တော့ စစ်တပ်က မြို့ခံတွေကို လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူထားတာ။ မြို့အနီးအနားက လူတွေကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရှောင်နေကြတယ်။ အခုလည်း အခြေအနေတွေကို ကြည့်ပြီး ဘေးလွတ်မယ်ထင်ရတဲ့နေရာတွေကို ရှောင်နေကြတယ်” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပွားနေသော မြို့သိမ်း တိုက်ပွဲများကြောင့် ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့မှ ဒေသခံသောင်းနှင့်ချီသည် နေရပ်အိုးအိမ် စွန့်ခွာလျက် ဘေးလွတ်ရာတွင် ရှောင်တိမ်းနေကြရသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တတိယအကြိမ်မြောက်ဖြစ်ပွားသည့် တကျော့ပြန် တိုက်ပွဲကြောင့် ယခင်စစ်ဘေးရှောင် ၅ သောင်းကျော် အပါအဝင် လက်ရှိစစ်ဘေးရှောင်သူ ၃ သိန်းကျော် အထိ ရှိနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ စုံစမ်းသိရသည်။
နိရဉ္စရာ ပေးပို့သည်။