23 ဧပြီ 2025 /

See today's Peace Related News

သတင်းအမ်းဒေသခံစစ်ဘေးရှောင်များ စစ်ကျန်မိုင်းများကြောင့် နေရပ်ပြန်လုပ်ကိုင်စားသောက်ရန် အခက်ကြုံနေကြ

အမ်းဒေသခံစစ်ဘေးရှောင်များ စစ်ကျန်မိုင်းများကြောင့် နေရပ်ပြန်လုပ်ကိုင်စားသောက်ရန် အခက်ကြုံနေကြ

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများနှင့် မြို့ပတ်ဝန်းကျင်တွင် အာရက္ခတပ်တော် (AA) က မိုင်းများကို ရှင်းလင်းနေသော်လည်း စစ်ကောင်စီထောင်ထားသည့် မိုင်းအရေအတွက် အလွန်များပြားသဖြင့် အပြီးသတ် မရှင်းလင်းနိုင်သေးတာကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေရသည်ဟု ပြောဆိုကြသည်။

အမ်းမြို့နယ်မှ စစ်ဘေးရှောင်များသည် အဝတ်တစ်တည်ကိုယ်တခုဖြင့် စစ်ဘေးရှောင်နေရသည့်အပြင် မိမိနေရပ်၊ ကျေးရွာများကိုလည်း ပြန်ပါက တော၊ တောင်၊ တောင်ယာ၊ လယ်ကွင်းများတွင် စစ်ကျန်မိုင်း၊ စစ်လက်နက်အကြွင်းအကျန် အပိုင်းအစများအပြင် ထောင်ထားခဲ့သည့် မြေမြှပ်မိုင်းများစွာ ကျန်ရှိနေသေး သည့်အတွက် လုပ်ကိုင်စားသောက်ရန် အခက်ခဲကြုံနေရသည်ဟု ပြောသည်။

အမ်းလုံးကျေးရွာခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “အိမ်ပြန်လို့လည်း မရသေးဘူး။ ရွာတွေကလည်း မီးတိုက်ခံထားရတယ်။ တောင်ယာတွေမှာလည်း မိုင်းတွေအများကြီး။ လယ်ကွင်းတွေမှာလည်း မပေါက်သေးတဲ့ဗုံးတွေ ကျန်တာရှိတယ်။ အမ်းမှာထောင်ထားတဲ့ မိုင်းက တခြားနေရာထက်များတယ်။ ရှင်းမကျင်းနိုင်သေးဘူး” ဟု ပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အမ်ဒေသခံတို့ စိုက်ပျိုးထားခဲ့သည့် စပါးခင်း၊ သီးနှံများလည်း တိုက်ပွဲကြောင့် မရိတ်သိမ်းခဲ့ရသဖြင့် ပျက်စီးသွားခဲ့ပြီး နေရပ်ပြန်ပါက ပြန်လည်ထူထောင်ရန် ခက်ခဲနေသည်ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

“တိုက်ပွဲအတွင်းက စပါးတွေမရိတ်ခဲ့ရ၊ ဒီအတိုင်းပစ်ထားခဲ့ရလို့ စပါးတွေပျက်စီးတယ်။ တကယ်လို့ နေရပ် ပြန်ပြီး ပြန်လုပ်စားမယ်ဆိုရင် သုညဘဝကနေ စရမှာ။ နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေ ကျွဲ၊နွားတွေ လည်းမရှိတော့ဘူး” ဟု ၎င်းက ပြောပါသည်။

လက်ကျန်မိုင်းများကြောင့် အာရက္ခတပ်တော် (AA) အမ်းဒေသခံတို့ကို နေရပ်ပြန်ခွင့် မပြုသေးကြောင်း ဒေသခံများက ပြောသည်။

အမ်းအခြေစိုက်တပ်ရင်းများတည်ရှိခဲ့သည့် စစ်ကောင်စီတပ်အနီးအနားဝန်းကျင်ရှိ လယ်ကွင်း၊ တော၊တောင် နှင့် သီဟို၌စိုက်ခင်းများတွင်လည်း မိုင်းများစွာကျန်ရှိနေသေးကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးလျက်ရှိနေလည်း မိုင်းအလွန်များသည့်အတွက် ရှင်းလင်းရေးမပြီးစီးသေးကြောင်း ဒေသခံများက ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်နေ့ကသိမ်းပိုက်ခဲ့ပြီး ယခု ၂၀၂၅ ဧပြီ လဆိုလျင် (၄) လခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် အမ်းဒေသခံများသည် ပြည်မဘက်ဖြစ်သည့် ပဒါန်း၊ မင်းဘူး၊ မကွေးနှင့် ရန်ကုန်မြို့ဘက်သို့ အများအပြား စစ်ဘေးရှောင်နေကြရပြီး တချို့မှာ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နေရာများတွင် စစ်ရှောင်နေကြရကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။