အမ်းတွင် အသက်မပြည့်သေးသည့် သမီးအရင်းကို ခြောက်နှစ်ကြာ အဓမ္မပြုကျင့်သည့်ဖခင်အား AA ဖမ်းဆီး

By MPM 8 စက်တင်ဘာ, 2025 👁

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် သမီးအရင်းဖြစ်သူကို ခြောက်နှစ်ကြာ အဓမ္မပြုကျင့်သည့် ဖခင်ဖြစ်သူအား အာရက္ခတပ်တော် (AA) ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (ဒီလပ် – DLEPS) က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ကျူးလွန်ခံရသူမှာ အမ်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှ ဦးညီလှ (၃၈) နှစ်၏ သမီးအကြီးဆုံးဖြစ်သည်ဟု သိရသည်။

စပြီး ကျူးလွန်ခံရစဉ်က အသက် (၁၂) နှစ်အရွယ်သာရှိသေးပြီး သူမ ၁၈ နှစ်အရွယ်ရောက်သည်အထိ ခြောက်နှစ်တိုင်တိုင် ဖခင်ဖြစ်သူ ဦးညီလှက အဓမ္မပြုကျင့်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ အသက် ၁၂ နှစ်အရွယ်ကတည်းက လူမသိသူမသိ ကိုယ့်သားသမီးအရင်းကို ကျူးလွန်တာ။ ခြောက်နှစ်တောင်ကြာသွားပြီ။ အခု အသက်တောင်ပြည့်သွားပြီ။ ပြောရမှာတောင် ရှက်ဖို့ကောင်းတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် သမီးဖြစ်သူတွင် ကိုယ်ဝန် နှစ်လ လွယ်ထားရပြီးနောက် ဦးညီလှ၏ မိခင်ဖြစ်သူက ဒီလပ်အဖွဲ့ထံ ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်တွင် တိုင်ကြားမှုပြုလုပ်လာသဖြင့် ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ကိုယ်ဝန်ရှိပြီဆိုမှ တိုင်ကြားမှုပြုလုပ်လာတာ။ ဒီလောက် ခြောက်နှစ်ကြာတာတောင် ဦးညီလှမိခင်က မရိပ်မိတာလား၊ မသိတာလား၊ မယုံတာလားတော့ မသိပါဘူး။ အခုတော့ ကျူးလွန်သူကို အပြစ်ပေးဖို့ ဒီလပ်က ဖမ်းဆီးစစ်ဆေးထားတယ်။ ထိုက်တန်တဲ့ပြစ်ဒဏ်တော့ ခံရမှာပေါ့” ဟု ပြောသည်။

ကျူးလွန်ခဲ့သူသည် တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ပြီး သူ့တွင် သားသမီး လေးဦးရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦးနှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့ အမျိုးသမီး ၁၁ ဦးအား အဓမ္မမှုကျုးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကိုလည်း အမှုလေးမှုအတွက် အာရက္ခပြည်သူ့အစိုးရက ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့တွင် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်အတွင်း အသက် ၉ နှစ်အရွယ် လေးတန်းကျောင်းသူတစ်ဦးကို အသက် ၆၉ နှစ်အရွယ် ဦးစန္ဒိမ (လူအမည် ဦးစိန်လှထွန်း) က အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်သူကို AA က စစ်ဆေးအရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်အတွင်း အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦးက မေလ ၂ ရက်တွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့‌ကြောင်း သိရသည်။

ရခိုင်ပြည်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည်လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ အသက် ၄၀ အရွယ် ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု သိရသည်။

ယင်းအမှုတွင် ပြစ်မှုကျူးလွန်သူအား ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် AA က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် ပေါက်တောမြို့နယ်၊ သရက်‌ချောင်းကျေးရွာမှ အသက် (၂၄) နှစ်အရွယ် ကိုကြည်လှဌေးကိုလည်း AA ၏ တရားရေးဌာနက ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

နိရဉ္စရာ