အဓမ္မပြုကျင့်မှုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် ရခိုင်အမျိုးသမီးများ တောင်းဆို

By MPM 3 ဩဂုတ်, 2026 👁 53

ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အမှုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးများက တောင်းဆိုနေကြသည်။

ရခိုင်တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် အဓမ္မမှုဖြစ်စဉ်များ မြင့်တက်လာနေခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် တတိယပတ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၌ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသဖြင့် ကျူးလွန်သူနှင့် ပတ်သက်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် အမှုကို ပွင့်လင်းမြင်သာစွာချပြရန် လိုလားနေကြသည်။

“မုဒိမ်းမှုဆိုတာကတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ရာဇဝတ်မှုတစ်ခုပါ။ အဲဒီလိုမျိုး အမှုတွေကို ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ပိုပြီး ထိရောက် အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးတော့ အမှုတွေကိုလည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး ချပြသင့်တယ်” ဟု စစ်တွေဒေသခံ တက်ကြွလှုပ်ရှားသူ မစိုးမိုးနွယ်က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးသည် ဇူလိုင် ၁၈ တွင် နေအိမ်က ပျောက်ဆုံးခဲ့ပြီး ဇူလိုင် ၂၄ ရက်၌ ခြေထောက်ကို ဆိုင်ကယ်ကျွတ်ဖြင့်ချည်၍ လက်နှစ်ဘက်ကိုလည်း နောက်ပြန်လက်ထိတ်ခတ် ထားကာ ခန္ဓာကိုယ်အနှံ့မှာပါ လှီးဖြတ်ထားသော ဒဏ်ရာများဖြင့် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်တွင် ကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ULA/ AA ရဲတပ်ဖွဲ့ DLEPS က ထုတ်ပြန်ထားသော်လည်း လက်ထိတ်ခတ်ခံထားရသဖြင့် ပြည်သူများအကြား ဝေဖန်မှုများရှိနေသည်။

ယခုကဲ့သို့ ရခိုင်ပြည်တွင် အဓမ္မပြုကျင့်မှုများ ဖြစ်ပေါ်လာခြင်းမှာ ယခင်က ဖြစ်ပွားခဲ့သည့် လိင်အကြမ်းဖက်မှုများကို ထိရောက်စွာ မကိုင်တွယ်ခဲ့သည့် အကျိုးဆက်များကြောင့်ဟု ရှုမြင်နေကြပြီး အမျိုးသမီးများ၏ လုံခြုံရေးအတွက် အမှုများကို ပွင့်လင်းမြင်သာစွာဖြင့် အပြင်းထန်ဆုံး အရေးယူပေးရန် လိုလားနေကြခြင်းဖြစ်သည်။

မြောက်ဦးလူငယ်များ အစည်းအရုံးမှ မမိမိပိုက “အရင်တုန်းကဖြစ်ခဲ့တဲ့ မုဒိမ်းမှုတွေကို ထိရောက်စွာ အရေးမယူနိုင်ခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက် တစ်ခုလို့ မြင်မိတယ်။ ကိုယ့်ပြည်ကို အုပ်ချုပ်နေတဲ့ အခုလိုမျိုး ကာလမှာတောင်မှ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတာတွေက ဖြစ်သင့်သလားလို့ ကျမတို့ အမျိုးသမီးတွေအနေနဲ့ အဲဒီလို မြင်တယ်” ဟု ပြောသည်။

DMG ၏ အချက်အလက်အရ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီ ၂၀ ရက်မှ ၂၀၂၆ ဇူလိုင် ၂၂ ရက်ထိ ULA/AA ထိန်းချုပ်ထားသော ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် ကလေးသူငယ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု အပါအဝင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၆ ခုထက်မနည်းရှိပြီး ယင်းအထဲ ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေမှု ၃ ခုပါဝင်သည်။

ထိုသို့ ကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်နေမှုအပါအဝင် ပြစ်ဒဏ်စီချက်များကို ပွင့်လင်းမြင်သာစွာ မချပြခြင်းတို့ကြောင့် ပြည့်သူလုံခြုံရေးကို တာဝန်ယူထားသည့် ဒီလပ် (DELPS) နှင့် တရားရေးဌာနများအပေါ် ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်လာနေခြင်းလည်းဖြစ်သည်။

အခြားတစ်ဘက်တွင် ULA/AA ၏ DELPS နှင့် တရားရေးဌာနတို့သည် အကျင့်ပျက်ခြစားမှုများ ပြုလုပ်နေကြောင်း ယူဆမှုများ ရှိနေကြသဖြင့် ULA/AA အနေဖြင့် တရားဥပဒေးစိုးမိုးရေးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပြီး ပြည်သူများ၏ ယုံကြည်မှုကိုတည်ဆောက်ရန် လိုအပ်နေခြင်းလည်းဖြစ်သည်။

DMG