ဒေသတွင်း စီးပွားရေး၊ လူမှုဆက်သွယ်ရေး လက်လှမ်းမီနိုင်ရေးအတွက် အများသုံး အချိန်ပိုင်း အင်တာနက်ဝန်ဆောင်မှု အစီစဉ်များ ပြုလုပ်ပေးရန် ULA အစိုးရကို ရမ်းဗြဲဒေသခံများက တောင်းဆိုနေကြသည်။
ဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိ ရမ်းဗြဲ ဒေသခံများမှာ ငွေလွှဲ၊ ငွေထုတ် အဆင်မပြေခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခြင်း၊ သတင်းအချက်အလက်ရရှိပိုင်ခွင့် မရှိခြင်း၊ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် နေ့စဉ်လိုအပ်ချက်ဖြစ်သည့် လူမှုစီးပွားရေးတွင် များစွာနစ်နာနေကြောင်း ပြောကြသည်။
အသက် ၂၈ နှစ်အရွယ် ရမ်းဗြဲမြို့ခံအမျိုးသမီးတစ်ဦးက “ ဒီကလူတွေအများစုက ထိုင်းတို့ မလေးရှားတို့ကို သွားအလုပ်လုပ်တဲ့လူတွေဆီက လွှဲတဲ့ငွေကို မှီခိုရတဲ့သူ များလာတယ်။ ဖုန်းဆက်လို့ရမယ့် နေရာဆိုလည်း နေရာဝေးတော့ စရိတ်က မတတ်နိုင်ဘူး။ အင်တာနက်လိုင်းရှိရင်တောင် တစ်လတစ်ခါ ငွေလွှဲထုတ်လုပ်လို့ရရင် နည်းနည်းအဆင်ပြေမယ်။ အင်တာနက်လိုင်းကို အချိန်နဲ့ဖြစ်ဖြစ် သုံးလို့ရမယ့် နေရာတစ်ခုလောက် တပ်တော် (AA) ဘက်က လုပ်ပေးစေချင်တယ်” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်အတွင်း ရမ်းဗြဲအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ရာဒေသများတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး ဒေသခံများမှာ ဆက်သွယ်ရေးအကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ထို့အတူ နိုင်ငံခြားတွင် အလုပ်လုပ်နေသည့် မိသားစုဝင်များနှင့် အဆက်သွယ်ပြတ်တောက်နေခြင်းမှာလည်း လူမှုစီးပွားဘဝများ နစ်နာကြောင်း ဒေသခံများက ဆိုသည်။
“ မိသားစုထဲမှာ အလုပ်အကိုင်အတည်တကျ မရှိတော့ မလေးရှားရောက်နေတဲ့ အမျိုးသားရဲ့ လစာကိုပဲ စောင့်နေရတာ။ ဒါပေမဲ့ လိုင်းမရတော့ တော်ရုံ အဆက်အသွယ်မရဘူး။ သူ့ဆီက အခြေအနေကိုလည်း ကိုယ်မသိရ။ ကိုယ့်ဆီက အခြေအနေကိုလည်း သူမသိရတော့ အဆင်မပြေဘူး။ လိုင်းမရကတည်းက အဆက်အသွယ်ပြတ်သွားတော့ လုံးဝ အဆက်အသွယ် မရတော့ဘူး။ အရင်ထက် ပိုကျပ်တည်းလာတယ်” ဟု ရမ်းဗြဲမြို့နယ်၊ သင်းပန်းကိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရမ်းဗြဲဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲကြောင့် သတင်းအချက်အလက် သိပိုင်ခွင့်လည်း ဆုံးရှုံးနေကြသည်။
ယင်းကြောင့် ဒေသအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်း၊ ပြည်တွင်းသတင်းအချက်အလက်များကိုပင် မရနိုင်ဖြစ်နေခြင်းကြောင့် နေ့စဉ် လူမှုစီးပွားဘဝများ အဆင်မပြေဖြစ်နေကြောင်းလည်း ပြောကြသည်။
“ လိုင်းမရတော့ ရေဒီယိုပဲ နားထောင်ရတယ်။ ဒီတော့ ကိုယ့်ရခိုင်ကသတင်းကျ သိပ်မသိရဘဲ ပြည်မနဲ့ ပြည်ပကဟာလောက်ပဲ အများကြီး နားထောင်နေရတယ်။ ကိုယ့်ပြည်ထဲ ဘာဖြစ်နေလဲဆိုတာ မသိရဘူး။ ပြီးတော့ ကုန်ဈေးနှုန်းတွေဘာတွေကျတော့ ကိုယ့်ဘက်နဲ့ တခြားမြို့တွေမှာ ဘာကွာခြားလဲကအစ မသိရတော့ ပိုပြီး လုပ်ရကိုင်ရခက်ခဲသလို ခံစားရတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ရက်သုံး ဆိုတာမျိုးဖြစ်ဖြစ် လိုင်းသုံးရမယ့် နေရာတစ်ခုလောက် လုပ်ပေးစေချင်တယ်” ဟု ရမ်းဗြဲမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ရမ်းဗြဲကျွန်းတစ်ခုလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီပိုင် MEC ဆင်းကတ်များဖြင့် ဆက်သွယ်ရေး အနည်းငယ် အဆင်ပြေခဲ့သည်။
သို့သော်လည်း ယင်းဆင်းကတ်များမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရ သုံးစွဲရန်မသင့်ဟုဆိုကာ ရမ်းဗြဲဒေသတွင် အာရက္ခတပ်တော်၏ တာဝန်ရှိသူများက တားမြစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသော်လည်း ရခိုင်မြောက်ပိုင်းက အချို့မြို့နယ်များတွင် ULA က စတားလင့် အင်တာနက်များ ဖွင့်ခွင့်ပေးထားပြီး ပြည်သူ့ဝန်ဆောင်မှုအနေဖြင့် ဒေသခံများအား အချိန်ကန့်သတ်ချက်ဖြင့် သုံးစွဲခွင့်ပေးထားသည်။
သို့သော်လည်း ရခိုင်တောင်ပိုင်းဒေသတွင် အင်တာနက်လိုင်းများကို လုံးဝဖြတ်တောက်ထားခြင်း၊ တားမြစ်ထားခြင်းများ ရှိနေသဖြင့် ပြည်သူများမှာ အသတင်းအချက်အလက်နှင့် လူမှုစီးပွားဘဝများစွာ နောက်ကျကျန်နေကြောင်း ပြောဆိုကြသည်။
DMG