အခွင့်အလမ်းဆုံးရှုံးနေသည့် ကရင်နီလူငယ်များအား အထူးဝန်ဆောင်မှုပေးရန် လူငယ်ရေးရာဌာနဖွဲ့စည်း

By MPM 10 ဖေ‌ဖော်ဝါရီ, 2025 👁 3

ကရင်နီ (ကယား) ပြည်တွင်းက အခွင့်အလမ်းဆုံးရှုံးနေသည့် လူငယ်များအား အထူးဝန်ဆောင်မှုပေးရန် ရည်ရွယ်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လူငယ်ရေးရာဌာနကို ဖွဲ့စည်းခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ ထုတ်ပြန်ကြေငြာသည်။

လက်ရှိ ကြားကာလအခြေအနေတွင် ပညာရေးအခွင့်အလမ်း မရရှိကြသည့်လူငယ်များနှင့် မူးယစ်ဆေးဝါးနွံထဲ နစ်နေသည့်လူငယ်များကို ဝန်ဆောင်မှုပေးနိုင်ရန် ဖွဲ့စည်းရခြင်းဖြစ်သည်ဟု IEC က ဖွဲ့စည်းထားသော လူငယ်ရေးရာဌာန – ဌာနမှူးကြီး ခွန်းသောမတ်စ်က ပြောသည်။

“အခုချိန်မှာပြောနိုင်တာက ဒီကြားကာလ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေ၊ လမ်းပျောက်နေတဲ့လူငယ်တွေ၊ ပညာဆက်ဆည်းပူးနိုင်ရန် ခက်ခဲနေတဲ့လူငယ်တွေ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးနွံထဲနစ်နေတဲ့ လူငယ်တွေကတော့ ဒီကြားကာလအစီအမံမှာ ကောင်းကောင်းမွန်မွန်လုပ်နိုင်အောင်လို့ ကျနော်တို့စပြီးတော့ စဥ်းစားနေတယ်ဆိုတော့ ဆက်ပြီးတော့ တဆင့်ပြီးတဆင့် ကျနော်တို့အစိုးရဌာနကနေ ဆက်ပြီးတော့လုပ်သွားဖို့ ရှိတယ်” ဟု ဌာနမှူးကြီးခွန်းသောမတ်စ်က ဆိုသည်။

ကြားကာလအစီအမံအရ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါးစသဖြင့် လူငယ်အရေးကိစ္စများကို ဆောင်ရွက်သွားမည်ဟုလည်း ခွန်းသောမတ်စ်က ဆက်ပြောသည်။

လူထုကြား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြသည့် လူငယ်များကို ပြန်လည်ထိန်းကွပ်ပေးနိုင်ရန် အသစ်ဖွဲ့စည်းလိုက်သည့် IEC ၏ လူငယ်ရေးရာဌာနက မျှော်လင့်ချက်တစ်ခုဖြစ်လာသည်ဟု ဒီးမော့ဆိုမြို့နယ်အတွင်း နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကရင်နီလူငယ်တစ်ဦးက ပြောပါသည်။

“မူးယစ်ဆေးဝါးနဲ့ လောင်းကစားဂိမ်းစွဲနေတဲ့ လူငယ်တွေအတွက် ဘာအစီအစဥ်လုပ်ဖို့ရှိလဲ။ IEC ကလူထုတွေရဲ့ နှလုံးသားကို သိမ်းကျုံးနိုင်တယ်၊ စည်းရုံးနိုင်တယ်ဆိုရင် လူငယ်ရေးရာဌာနက အင်အားအတောင့်ဆုံး အားအကိုးရဆုံးဌာန ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” အဆိုပါလူငယ်က ပြောသည်။

တော်လှန်ရေးကာလတွင် ပညာရေးနှောင့်နှေးသွားသည့် လူငယ်များကိုလည်း ပညာသင်ကြားရေး၌ ပြန်လည်စိတ်ဝင်စားလာအောင်နှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် CDM ကျောင်းသားများကို ပညာရေးအခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရန်လည်း မျှော်လင့်သည်ဟု ၎င်းက ဆက်ပြောသည်။

ကြားကာလတွင် IEC အနေနှင့် ကရင်နီပြည်နယ်တွင်း အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေပြီး ယခုထပ်မံဖွဲ့စည်းလိုက်သည့် လူငယ်ရေးရာဌာနအပါအဝင် IEC လက်အောက်တွင် ဌာန ၁၁ ခု ရှိလာပြီဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။