အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ အခွင့်အရေး အနိမ့်ဆုံးရောက်ရှိနေ

By MPM 23 စက်တင်ဘာ, 2026 👁 70

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရရှိရမယ့် အနိမ့်ဆုံးစံနှုန်းကိုပင် မရရှိဘဲ နည်းလမ်းမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေရဲ့ ထောင်တွင်းအခြေအနေဟာ အနိမ့်ဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၂၆ ခုနှစ်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း အိုးဘိုထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးမိုးစိုးနိုင်ဟာ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံရချိန် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားခဲ့ရပေမယ့် လုံလောက်တဲ့ဆေးဝါးကုသခွင့် မရရှိတာကြောင့် အဲဒီနေ့ ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စုနဲ့ လက်ပါးစေအဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း ၈၄၁၄ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သံလွင်တိုင်းမ်