ဟုမ္မလင်းမြို့နယ်အား ကုန်းလမ်းရေလမ်း ပိတ်ခံထားရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်

By MPM 29 အောက်တိုဘာ, 2024 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အား စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့က ကုန်းလမ်း၊ ရေလမ်း ပိတ်ပင်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ဗန်းမောက်မြို့နယ်ကနေ တင်ပို့မှုကိုသာ အားထားနေရသည်ဟု ဒေသခံကုန်သည်များက ဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း လိုအပ်သည့် စက်သုံးဆီအမျိုးမျိုး၊ စားသောက်ကုန်ခြောက်များကို ဗန်းမောက်မြို့နယ်မှတဆင့် ဝယ်ယူနေကြရသည်ဟု ဟုမ္မလင်းမြို့ခံကုန်သည်များက ပြောသည်။

မြို့ခံကုန်သည်တစ်ဦးက “ဗန်းမောက်ဘက်ကနေ သယ်ရတော့ ဒီဇယ်နှင့်ဓာတ်ဆီ တွေဈေးမြင့်တက်နေတယ်။ ဗန်းမောက် ရွှေတော်နဲ့ နောင်ပတ်ကနေ ဟုမ္မလင်းမြို့နယ် ချောင်းကြီးချောင်းဝ ဘိုကုန်းကျေးရွာ အဲ့ကနေ ကုန်ခြောက်ပစ္စည်းတွေ ဒီဇယ်နှင့် ဓာတ်ဆီများကို သယ်ယူနေတယ်” ဟု ပြောသည်။

ဗန်းမောက်မြို့နယ်မှ သယ်ယူခဲ့သည့် ကုန်ပစ္စည်းများကို ဘိုကုန်းကျေးရွာမှတဆင့် ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ဒေသ၊ နမ့်တောဒေသ၊ ရွှေမှော်ဒေသ ကျေးရွာတွေမှာ ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့အခြေအနေကြောင့် ဟုမ္မလင်းဒေသအတွက် လိုအပ်သော ကုန်စည်များကို ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကိုယ်ထူကိုယ်ဖောက်လုပ်ထားသော ဗန်းမောက်-ဟုမ္မလင်း မြို့နယ်ချင်းဆက်လမ်းနှင့် ချောင်းကြီးချောင်းကို အသုံးပြုကာ ရေကြောင်းမှတဆင့် သယ်ယူနေရကြောင်း သိရသည်။

“ဟုမ္မလင်းက ရွှေထွက်တော့ အားလုံးက ရွှေစျေးပဲ၊ ကွမ်းရွက်လည်း လေယာဉ်စီးတယ်။ အကုန်စျေးတက်တယ် ဒီမှာက ဘာနေနေ အနည်းဆုံး ငါးထောင်၊ တစ်သောင်းစျေးပဲ” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်များကို ဗန်းမောက်မြို့နယ်ကအပြင် မန္တလေး – ဟုမ္မလင်း လေကြောင်းလိုင်းများမှတဆင့် သယ်ယူမှုများရှိနေသော်လည်း သယ်ယူစရိတ်က ပုံမှန်ထက် ၁၀ ဆနီးပါး မြင့်တက်နေတာကြောင့် ကုန်စည်အားလုံး မသယ်ယူနိုင်သည့် အနေအထားတရပ်လည်း ဖြစ်နေသည်။

ယခင်က ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်များကို မုံရွာမြို့မှ ချင်းတွင်းမြစ်အသုံးပြုပြီး သယ်ယူပို့ဆောင်နေကြသော်လည်း ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ရေကြောင်းလမ်းကို ပိတ်ဆို့ ထားခဲ့သည်။

ကားလမ်းပိုင်းဖြစ်သည့် ကောလင်း-ပင်လည်ဘူး- ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းသည်လည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲကြောင့် လုံးဝအသုံးပြုလို့မရတဲ့ အခြေအနေဖြစ်နေဆဲဖြစ်ပါသည်။

ရှမ်းနီအသံ ပေးပို့သည်။