ဟုမ္မလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာခက်ခဲနေ

By MPM 27 ဖေ‌ဖော်ဝါရီ, 2025 👁 3

ဟုမ္မလင်းမြို့နယ်၊ ပင်းမခေါ်ကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်လာကြသူမှာ နေထိုင်မှုနှင့် စားနပ်ရိက္ခာ မလောက်ငှမှုအခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်တိမ်းနေသူများက ပြောဆိုသည်။

စစ်ဘေးရှောင်တချို့မှာ ရွှေတူးဖော်ပြီးသားမြေများဖြစ်သည့် (မျှောမီးခုံ) မြေနေရာတွင် နေထိုင်နေကြရပြီး ပြီးခဲ့သည့်နှစ်က နေထိုင်စရိတ်မပေးဆောင်ရပေမယ့် ယခုနှစ်တွင် အခကြေးငွေပေးဆောင် နေထိုင်ရတာကြောင့် ငွေကြေးအခက်အခဲ ကြုံနေရသည်ဟု ပြောပါသည်။

“ဒုက္ခရောက်လို့ နေစရာမရှိလို့ ဒီကိုရောက်ခဲ့ကြတာလေ။ ကျွန်တော်တို့က ညနေဆို မုန့်တွေထွက်ပြီး ခင်းရောင်းတာပေါ့။ ဆိုင်ကြီးကန္နားကြီး အကြီးကြီးနဲ့ရောင်းနေတာ မဟုတ်ဘူး။ အခုက တစ်လငါးသောင်းပေးရတော့မယ်တဲ့” ဟု စစ်ဘေးတိမ်းရှောင်လာသော လွှစင်ကုန်းကျေးရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ စားနပ်ရိက္ခာ အထောက်အပံ့အကူအညီများ အနည်းငယ်ရရှိခဲ့သော်လည်း ယခုလပိုင်းတွင် အကူအညီများ မရရှိတော့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

နန့်စကားစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အခက်အခဲကြုံနေရတာပါ့၊ ပိုက်ဆံပေးစရာမရှိတော့ စားစရာကို မရှိတာပါ။ မနေ့က ဆန်လေးတစ်တင်းလေး သူများထောက်ပံ့ပေးခဲ့တာ ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ အိမ်ကအဘိုးကြီးကို ပြောနေတာ မြေခတစ်လလေးငါးသောင်းဆိုလည်း ကျွန်မတို့ဝင်ငွေမရှိတဲ့သူတွေက တော်တော်လေး အခက်အခဲဖြစ်နေတာ” ဟု ဆိုသည်။

ယင်းအပြင် သောက်သုံးရေမသန့်ရှင်းမှုနှင့် ရိက္ခာပြတ်လပ်မှုများလည်း ဖြစ်ပေါ်နေပြီး ယနေ့အချိန်အထိ ၎င်းတို့ နေရပ်ထံကို ပြန်လည်ဝင်ရောက်နေထိုင်ရန် မရနိုင်သေးကြောင်းလည်း ပြောဆိုကြသည်။

ရှမ်းနီးအမျိုးသားတပ်မတော် (SNA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား တိုက်ပွဲများကြောင့် ဟုမ္မလင်း-ရွှေဘို ဗျူဟာလမ်းပေါ်ရှိ ကျေးရွာများဖြစ်သော ပေါက်ပင်၊ နန့်စကား၊ နောင်ပိုအောင်၊ လွှစင်ကုန်း၊ နားမော် စသည့်ကျေးရွာတို့ရှိ ဒေသခံများသည် ပင်းမခေါကျေးရွာအပါအဝင် နန့်တော၊ ဟုမ္မလင်းမြို့၊ ခေါင်ခမ်းကျေးရွာများဆီကို စစ်ဘေးတိမ်းရှောင်လာသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။