ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

By MPM 17 ဖေ‌ဖော်ဝါရီ, 2026 👁 2

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို စစ်တပ်အာဏာပိုင်များနှင့် ဒေသဦးစီးအဖွဲ့မှ အဓမ္မသိမ်းဆည်းခြင်း၊ ဒေသခံများကို “ကျူးကျော်” ဟု အမည်တပ်ကာ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေသည်။

ထိုသို့ သိမ်းဆည်းခံရသော မြေကို ပွဲစားများက လက်နက်ကိုင်တပ် အားကိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း၊ အင်အားသုံး၍ ဖယ်ရှားမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းကြောင့် ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) တွင် “အိမ်မြေပိုင်ရှင်ဘဝမှ ကျူးကျော်ဘဝသို့ တွန်းပို့ခံရသော ဟိုပုံးတောင်သူများ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“မြေအစားထိုး နေရာရဖို့ ဆယ်သိန်း အရင်ပေးသွင်းခိုင်းတယ်၊ ဒါကိုလည်း ကျနော်တို့ သဘောမတူခဲ့ဘူး။ ဒီမြေကိုတော့ ကျနော်တို့မြေဖြစ်တဲ့အတွက် ဖယ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ကျနော်တို့အနေနဲ့ ဆန့်ကျင်သွားမှာဖြစ်တယ်” ဟု ဒေသခံ တောင်သူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် (၁) သိမ်းဆည်းထားသော မြေများအားလုံး ပြန်ပေးရေး၊ (၂) ဒေသခံတောင်သူများကို နှင်ထုတ်ဖယ်ရှားမှုနှင့် ခြိမ်းခြောက်မှု လုပ်ဆောင်ခြင်းမှ ချက်ချင်းရပ်တန့်ရေး၊ (၃) သိမ်းဆည်းမြေကြောင့် ဒေသခံတောင်သူများ နစ်နာမှုကို ပြန်လည်ကုစားရေး စသည့် အချက် (၃) ချက်ကို ဒေသခံ တောင်သူများမှ တောင်းဆိုခဲ့ကြသည်။

ဟိုပုံးမြို့နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးမြေနှင့် စားကျက်မြေ ၁၈၃၆၀.၄၈ ဧက အား လျော်ကြေး၊ နစ်နာ ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းဆည်းခဲ့ခြင်း၊ စစ်ပစ်ကွင်း တည်ဆောင်ခြင်းနှင့် နေရပ်မှ ဖယ်ရှားစေခြင်းအပြင် ဖိအားပေး ခြိမ်းခြောက်မှုမျိုးစုံ ရင်ဆိုင်နေရသော်လည်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ သတင်းဖုံးဖိ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း PYO ထုတ်ပြန်ထားသည်။

လက်ရှိ တောင်သူများ နှင်ထုတ်ဖယ်ရှားခံရသည့် မြေဧက (၆၂၅) ဧကတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ လက်တွေ့ ကျူးကျော်နေထိုင်သူများသည် တောင်သူများမဟုတ်ပဲ စစ်တပ်သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့က ဒီမြေပေါ်မှာ နှစ်ပေါင်းများစွာ စိုက်ပျိုးလာတယ်။ တောင်သူတွေက ဒီမြေမှာ ပြန်စိုက်ပျိုးချင်ရင် သိန်း ၅၀ ပေးသွင်းရမယ်၊ ကျမတို့တော့ ပေးစရာမရှိဘူး။ ဒီမြေက ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် အထောက်အကူ ပြုနေရတယ်။ သက်ကြီးရွယ်အိုတွေ ဆိုလည်း ဒီမြေကထွက်တဲ့ စိုက်ပျိုးရေးနဲ့ပဲ လုပ်ကိုင်စားသောက်နေရတာ ဖြစ်တယ်” ဟု ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မြေယာဆုံးရှုံးမှုများကြောင့် လူမှုစီးပွားရေးထိခိုက်သည့်အပြင် အမျိုးသမီးအများစု အလုပ်အကိုင်ခက်ခဲ၍ စားဝတ်နေရေးအကြပ်အတည်းများ ကြုံတွေ့နေရပြီး စိတ်လုံခြုံမှုကင်းမဲ့နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ မြေဧရိယာ (၅၆၁.၇၅) ဧကကို နိုင်ငံတော်ပိုင်ဟုဆိုကာ လာမည့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရန် စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့က ဖေဖော်ဝါရီလ (၂၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုသည် နောင်တောင်းကျောင်း မြောက်ဘက်တွင်ရှိပြီး အဆိုပါ မြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို အပြီးဖျက်သိမ်းပေးရန်နှင့် ရွှေ့ပြောင်းခြင်း မရှိသည့် မြေနေရာများကို အင်အားသုံးကာ ဖယ်ရှား ရှင်းလင်းသွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့မှ ဖွဲ့စည်းထားသည့် ကျူးကျော်များ ရှင်းလင်းနေရာချထားရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်