ချင်းပြည်နယ်၊ ဟားခါး – ထန်တလန် အကြားရှိ ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့် စစ်ရေးအရ အရေးပါသောတောင်ကုန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
ဟားခါးမြို့မှ ၅ မိုင်ခန့် အကွာတွင်တည်ရှိသော သီမြစ်လွင်ပြင်တွင် အခြေစိုက်တပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များထံ အောက်တိုဘာ ၁၃ ရက်နေ့က ဟားခါးမြို့မှ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် အောက်တိုဘာလ ၁၄ ရက် နေ့ မနက်ပိုင်းကစ၍ ချင်းပြည်အစိုးရတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော C3 နေရာတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပြောဆိုမှုအရ သိရသည်။
“သီမြစ်၊ သီတာဘက်က စကစတွေက C3 ဘက်ကို ဒီမနက် (အောက်တိုဘာ ၁၄ ရက်) ၈ နာရီ လောက်မှာ သူတို့တိုက်တာ၊ ထိခိုက်မှုကတော့ ကျွန်တော်တို့ အသေးစိတ်တော့ မသိနိုင်သေးဘူးပေါ့လေ” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်စခန်းများဖြစ်သည့် အော်တိုတောင်၊ လုံခါရ်တောင်၊ Keivanzuang၊ C3 တို့ကို ချင်းပြည်အစိုးရတပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။
စစ်ကောင်စီဘက်က ဟားခါး – ထန်တလန်ကြားက ၎င်းတို့လက်လွှတ်လိုက်ရသော စစ်ရေးအရ အရေးပါသည့် နေရာများကို ပြန်လည်သိမ်းပိုက်ရန် ယခုလိုတန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုလို ထိုးစစ်ဆင်မှု မစတင်ခင်မှာ အောက်တိုဘာလ ပထမအပါတ်ထဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ဟားခါးမြို့ပေါ်သို့ လက်နက်ခဲယမ်းနှင့် တပ်အင်အား ဖြည့်တင်းခဲ့ကြောင်း သိရသည်။
“အဓိကတော့ ထန်တလန်က ဟားခါးရဲ့ နောက်ဆုံးခံစစ်လို ဖြစ်နေတာ။ ကျွန်တော်တို့အနေနဲ့ ထန်တလန် သိမ်းသွားရင် တော်တော်လေး risks ဖြစ်သွားမယ်ပေါ့။ ဖလမ်းနဲ့ ထန်တလန်ဆိုတာ ဟားခါးဗျူဟာကနေပဲ ကိုင်တဲ့ဟာဆိုတော့လေ။ ဟားခါးသိမ်းပြီးသွားရင် ချင်းပြည်က လွတ်မြောက်သွားနိုင်တယ်လေ အဲလိုဆိုတော့ ဟားခါးကို ထိန်းဖို့ဆိုရင် ထန်တလန်ကို သူတို့မဖြစ်မနေ ထိန်းရတာပေါ့” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က သီမြစ်ဘက်နှင့် ထန်တလန်မြို့ဘက်ကို Y 12 လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့တွင်လည်း ထပ်မံဗုံးကြဲ နေကြောင်း သိရှိရသည်။
KMG ပေးပို့သည်။